
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ပဲမျိုးစုံသည် နိုင်ငံခြားဝင်ငွေရရှိစေသော အရေးပါသည့် သီးနှံအုပ်စုတစ်ခုဖြစ်ပြီး ယင်းတို့အနက် ပဲနီလေးသည် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှု နှစ်ရပ်လုံးအတွက် အရေးပါသော သီးနှံတစ်မျိုးအဖြစ် ရပ်တည်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ ကန့်ဘလူခရိုင်သည် မြေသဘာဝအခြေအနေ၊ ရာသီဥတုနှင့် စိုက်ပျိုးရေး အတွေ့အကြုံများကြောင့် ပဲနီလေးစိုက်ပျိုးလျက်ရှိသည်။ ယနေ့ခေတ် စိုက်ပျိုးရေး စီးပွားရေး အခြေအနေတွင် သီးနှံတစ်မျိုး၏ အောင်မြင်မှုကို အထွက်နှုန်းသာမက ကုန်ကျစရိတ်၊ တောင်သူ အကျိုးအမြတ်နှင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်မှုတို့ပေါ်မူတည်၍ အကဲဖြတ်ရန် လိုအပ်လာပြီဖြစ် သည်။
ကန့်ဘလူမြို့နယ်၏ ပဲနီလေးစိုက်ပျိုးမှုအခြေအနေ
ကန့်ဘလူခရိုင်သည် တနယ်မြေ၊ သဲမြေများ ပေါများသည်။ ယင်းမြေအမျိုးအစားများသည် ပဲနီလေး စိုက်ပျိုးရန်သင့်လျော်ပြီး ရေလိုအပ်ချက်နည်းပါးသည့် သီးနှံဖြစ်သဖြင့် မိုးရာသီအပြီး ဆောင်းရာသီတွင် အဓိကစိုက်ပျိုးကြသည်။ ဒေသခံတောင်သူများအနေဖြင့် ပဲနီလေးကို ပြောင်း၊ နှမ်း စသည့်သီးနှံများနှင့် လှည့်လည်စိုက်ပျိုးလျက်ရှိပြီး မြေဆီလွှာအာဟာရ ပြန်လည်ပြုပြင် ပေးနိုင်သည့် သီးနှံအဖြစ်လည်း အသုံးချကြသည်။
စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်
ကန့်ဘလူခရိုင်တွင် ပဲနီလေး စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့အသုံးပြုမှုမှာ ခန့်မှန်းအား ဖြင့် ၈–၁၀ ပြည်ခန့်လိုအပ်သည်။ မျိုးစေ့အရည်အသွေး ပေါ်မူတည်၍ ကုန်ကျစရိတ်ကွာခြားနိုင်သည်။ ယခုအချိန်တွင် လုပ်သားခမြင့်တက်လာမှုကြောင့် မြေထွန်ယက်ခ၊ မျိုးစေ့ချခ၊ မြက်ရှင်းခ စသည့် ကုန်ကျစရိတ်များသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာသည်။ ပဲနီလေး သည် ဓာတ်မြေဩဇာအလွန်အကျွံ မလိုအပ်သော်လည်း အထွက်နှုန်းကောင်းစေရန် အနည်းငယ် အသုံးပြုရပြီး ပိုးမွှားရောဂါများ ကာကွယ်ရန်ဆေးဖျန်းရသည်။ အဆိုပါကုန်ကျစရိတ်များကို စုပေါင်းတွက်ချက်ပါက ကန့်ဘလူခရိုင်တွင် ပဲနီလေး တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ အခြေအနေအလိုက် အလယ်အလတ်အဆင့်ရှိပြီး အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက အတော်လေး သက်သာသော သီးနှံအမျိုးအစားဖြစ်သည်။ ပဲနီလေး၏ တစ်ဧကအထွက်နှုန်းမှာ မြေဆီလွှာ အခြေအနေ၊ မိုးရေချိန်နှင့် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍ ကွာခြားမှုရှိသော်လည်း ပုံမှန်အားဖြင့် အထွက်နှုန်းကောင်းမွန်ကြောင်း တောင်သူတစ်ဦးက ပြောသည်။
ဈေးကွက်ဈေးနှုန်းအခြေအနေ
ပဲနီလေးသည် ပြည်တွင်းဈေးကွက်တွင် အမြဲလိုအပ်ချက်ရှိသောသီးနှံဖြစ်ပြီး အစား အသောက်လုပ်ငန်းများတွင် အသုံးများသည်။ ထို့အပြင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့အလယ်ပိုင်း နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသဖြင့် ပြည်ပဈေးကွက်နှင့် နီးစပ်မှုရှိသော သီးနှံဖြစ်သည်။ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုတွင် မိုးလေဝသဖောက်ပြန်မှု၊ ပိုးမွှားရောဂါများနှင့် လုပ်သားခမြင့်တက်လာ မှုတို့သည် အဓိကစိန်ခေါ်မှုများဖြစ်သည်။ ကန့်ဘလူခရိုင်၏ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုသည် ကုန်ကျစရိတ်အနည်းငယ်ဖြင့် အကျိုးအမြတ်ရရှိနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပြီး တောင်သူများအတွက် အကျိုးရှိစေမည့်သီးနှံဖြစ်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။
DOCA(စစ်ကိုင်း)
