
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ခရီးသည် ပိုဆောင်မှုအခြေအနေများ၊ ကုန်စည်တန်ဆာပေးပို့မှု အခြေအနေများနှင့်စပ်လျဉ်း၍ အဝေးပြေးယာဉ်လိုင်းများအား ကြီးကြပ်စစ်ဆေးရန်၊ အများသုံး သယ်ယူပိုဆောင်ရေးမော်တော်ယာဉ်များကို သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊ ခရီးသည် ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှု ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ခရိုင်ကုန်းလမ်း ပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီတို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ ကားကြီးကွင်း ရှိ “မြတ်မန္တလာထွန်း” နှင့် “နယူးမန္တလာထွန်း” အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအား စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ယာဉ်လိုင်းတာဝန်ခံ များအား ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံ ချောမွေ့စွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံ လိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ပေးရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါကစားသုံးသူ စိတ်ကျေနပ်သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီး မှသာ မော်တော်ယာဉ်အား စေလွှတ်ခြင်းများ ဆောင်ရွက်ရန် ရှင်းလင်ပြောကြားပြီး အသိပညာပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
