
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းအား အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ စားဖိုးဆောင်သီးနှံများ ဖြစ်သည့် ပဲတောင့်ရှည်၊ရုံးပတီသီး၊ခဝဲသီး၊ခရမ်းသီး စသည့် သီးနှံများအပြင် ကန်စွန်းရွက်ကိုလည်း တစ်နိုင် တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ကျောက်ဆည်မြို့၊မြို့မစျေးနှင့်အေးမြကြည်လင်စျေးတို့တွင် လာရောက်ရောင်းချလျက်ရှိပါသည်။ကန်စွန်းပင်မျိုးစေ့များအား ရေဇလုံထဲတွင် (၁)ညစိမ်၍ထားရပါကြောင်း၊ မြေနေရာပေါ်မူတည်၍ ဘောင်များဖြင့်စိုက်ပျိုးကြသလို ခြင်းများထဲတွင်လည်းထည့်၍စိုက်ပျိုးကြပါ သည်။စိုက်ပျိုးပြီး(၄-၅)ရက်ခန့်အကြာတွင် အညှောင့်ကလေးများပေါက်လာပါကြောင်း ၊ ရက်(၂၀) ခန့်အကြာတွင် အပင်များစတင်၍ခူးဆွတ်နိုင်ကြောင်း၊အပင်များ ပိုးမွှားဒဏ်ကာကွယ်ရန်နှင့်အရွက် များသန်မာစေရန်အတွက် ဆန်ဆေးရည်နှင့်အားဆေးရည်များ ဖြန်းပတ်ပေးရပါကြောင်း သိရှိရပါ သည်။ကျောက်ဆည်မြို့၊အေးမြကြည်လင်စျေးနှင့်မြို့မစျေးအတွင်းရောင်းချလျက်ရှိသောကန်စွန်းရွက်စျေးနှုန်းအနေဖြင့်ယခင်လတွင်(၁)စီးလျှင်(၁၀၀/-) ကျပ်၊ ယခုအချိန်တွင် (၁)စီးလျှင်(၂၀၀/-) ကျပ်၊စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းသီးနှံရောင်းချသော စျေးသည်တစ်ဦးထံမှ သိရှိရပါသည်။ ကန်စွန်းရွက်သည် ဗီတာမင်(အေ၊စီ၊ဘီ-၁) ၊ ဖော့လစ်အက်ဆစ် ၊ ပရိုတင်းစသည့် အဟာရဓါတ်များစွာပါဝင်ပါကြောင်း ၊ အမျှင်ဓါတ်ပါဝင်နှုန်းများသောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေသည့်အပြင် အစာအိမ်နှင့်အူလမ်းကြောင်းအတွက်ကောင်းမွန်ပါကြောင်း၊ ဝမ်းချုပ်ခြင်း အတွက်လည်း ကန်စွန်းရွက်ကို ကြော်စားခြင်း ၊ ပြုတ်၍တို့စရာအဖြစ်စားသုံး ပေးခြင်းဖြင့် လည်းကောင်း၊ ကန်စွန်းရွက်တွင် ရေဓါတ်များစွာပါဝင်သောကြောင့် ကျောက်ကပ် အလုပ်လုပ်နိုင်ရန်ကူညီပေးပြီး ဆီးသွားစေရန် အထောက်အကူဖြစ်ပါကြောင်းစသည့် ကျန်းမာရေးနှင့်ဆိုင်သော အကျိုးကျေးဇူးများ ရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
