
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၇.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေဖီညွန့်ဆီနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်ရှိ စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်၌ အမှတ်တံဆိပ်ဖြင့်ရောင်းချသည့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့် စစ်ဆေး လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့် ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535 လိုင်းခွဲ(၁)၊ (၂)၊ (၃)သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
