
မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်း၌ တည်ရှိပြီး၊ ဆည်မြောင်းကန်ချောင်း များ အသင့်အတင့်ရှိ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကအားထား လုပ်ကိုင်လျက် ရှိအနက် ရာသီအလိုက်စားဖိုဆောင် သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိသည်။ ဆောင်းငရုတ်သီးနှံ စိုက်ပျိုးထားရှိသောကျေးရွာများမှာ ကူရွာ၊ ကွမ်းစိုက်ရွာ၊ ဂင့်ဂဲရွာ၊ ထနောင်းတိုင်ရွာ၊ ဒါးကျွန်းရွာ၊ ဆီမီးခုံရွာ၊ နဘူးအိုင်ရွာ၊ ရွာသစ်ရွာနှင့် ပတ္တာကျေးရွာတို့၌ စိုက်ပျိုးထားကြောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ်၌ ဆောင်းငရုတ်ကို မြင်းခြံမြို့နယ်တွင် စီမံကိန်းသီးနှံအဖြစ် (၅၀၀) ဧက လျာထားခဲ့ရာ စိုက်ပျိုးပြီးဧက (၇၄၇) ဧကစိုက်ပျိုးခဲ့ကြောင်း၊ စီမံကိန်းလျာထားဧကထက် (၂၄၇)ဧကကျော်ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာ၏ စာရင်းများအရသိရှိရသည်။ ဆောင်းငရုတ်များကို အောက်တိုဘာလတို့တွင် ပျိုးထောင်၍နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရှိရသည်။ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ စိုက်ပျိုးထားရှိသောမျိုးမှာ ဒီမွန်မျိုး၊ ၆၉၂ မျိုးနှင့် အထွက်နှုန်းကောင်း စပ်မျိုးများကို စိုက်ပျိုးကြောင်း၊ မျိုးစေ့ကိုပျိုးထောင်၍ ပျိုးပင်သက်တမ်း တစ်လအကြာတွင် စိုက်ခင်း သို့ရွှေ့ပြောင်းပြီး ပင်ခြားတန်းခြား တစ်ပေခွဲခြား၍ စိုက်ဘောင်၌ စိုက်ပျိုးရကြောင်း သိရှိရသည်။ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၄၅၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင် (၃၈၀-၄၀၀) ပိဿာခန့်ထွက်ရှိကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး ရေသွင်းရေထုတ်၊ အပင်ပြုစုမှုနှင့် မြေဩဇာများပုံမှန်ကျွေးနိုင်ပါက ငရုတ်အထွက်နှုန်းများ ကောင်းနိုင် မည်ဖြစ်ကြောင်း၊ ငရုတ်သီးထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက် အရသိ ရသည်။
DOCA(မန္တလေး)
