
နတ်တော်လဆန်းကာလတွင် မန္တလေးစျေးကွက်သို့ ခရမ်းချဉ်သီးကိုင်းသီးဝင်ရောက်မှုများ ပြားရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံများ၊သီရိမာလာစျေး (ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနားလမ်းရှိ ကုန်စိမ်းလက္ကားစျေးတို့တွင် ခရမ်းချဉ်သီး(ကိုင်းသီး)၊ခရမ်းချဉ်သီး(အင်းသီး)နှင့်ခရမ်း ချဉ်သီး(ဘောလုံးသီး)တို့အား ခေါင်သီး နှင့် အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျှက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမ ပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသော လက္ကားစျေးအနေဖြင့် ခရမ်းချဉ်သီး(ကိုင်းသီး) အချိန်(၃၀)ပါ တစ်တောင်းလျှင် ၂၇၀၀၀၀ ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊လက်လီစျေးတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ အင်းသီးလက္ကားစျေးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ကျပ် နှင့် ၆၅၀၀၀ကျပ်၊ လက်လီစျေး အနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့် အင်းသီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး ၊ နိုဝင်ဘာလနောက် ဆုံးပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၅၀၀ ကျပ်စျေးမြင့်တက်သွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
