
မိတ္ထီလာခရိုင်အတွင်း မလှိုင်မြို့နယ်သည် ဝါသီးနှံအများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ပါသည်။ ဝါသီးနှံမျိုးနှင့် ပတ်သက်၍လည်း မလှိုင်မြို့နယ်မှ စမ်းသပ်စိုက်ပျိုးထွက်ရှိသော မလှိုင်ဝါမှာ ရှေးယခင် က နာမည်ရ ဝါမျိုးဖြစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် အထွက်နှုန်းကောင်းသည့် နိုင်ငံခြားမျိုးချည်မျှင်ရှည်ဝါ များကို ပြောင်းလဲစိုက်ပျိုးလာကြခြင်းဖြစ်သည်။ ထိုကဲ့သို့ ဝါသီးနှံနှင့်ပတ်သက်၍ နာမည်ရသည့် မလှိုင်မြို့နယ်ရှိ တောင်သူများမှာ ဒေသမျိုး မလှိုင်ဝါကိုလည်း ဆက်လက်စိုက်ပျိုးကြရာ မလှိုင်ဈေး ကွက်သို့ ချည်မျှင်တို (မလှိုင်ဝါ) နှင့် ချည်မျှင်ရှည်ဝါတို့ဝင်ရောက်ကြောင်းသိရသည်။ ချည်မျှင်တိုဝါမှာ အထွက်နှုန်းနည်းသော်လည်း ရာသီဥတုဒဏ်ခံခြင်း၊ မျိုးဈေးမှာ ချည်မျှင်ရှည်ဝါနှင့်ယှဉ်လျှင် အဆမ တန် ဈေးနှုန်းသက်သာခြင်းတို့ကြောင့် စိုက်ပျိုးကြကြောင်း၊ ယခုနှစ်ဈေးကွက်သို့ စတင်ဝင်ရောက်ချိန် အောက်တိုဘာလက တစ်ပိဿာ (၃၂၀၀-၃၃၀၀) ကျပ်ရှိခဲ့ပြီး၊ ယခု ဒီဇင်ဘာလဆန်းမှာတော့ (၄၂၅၀) ကျပ် ထိဈေးမြင့်လာပါသည်။ ချည်မျှင်တိုဝါအနေဖြင့် ဝါကောက်ရာသီကုန်လုနီးလာခြင်း၊ ချည်မျှင်ရှည်ဝါဈေးကောင်းနေခြင်းတို့ကြောင့် ဈေးမြင့်လာကာ မလှိုင်မြို့နယ်ရှိ ဝါကုန်သည်များအနေဖြင့် ဝါ မှ ဂွမ်းထုတ်လုပ်ကာ အရည်အသွေးကောင်းသော ဂွမ်းကို မန္တလေး ချည်မျှင်စက်များသို့ လည်းကောင်း အရည်အသွေးညံ့သော ဂွမ်းကို ဂွမ်းကပ်စောင်/မွေ့ရာပြုလုပ်သူများသို့လည်းကောင်း ၊ ဝါစေ့ကို ဆီ ကြိတ်၍လည်းကောင်း ရောင်းချရကြောင်းသိရသည်။
DOCA(မန္တလေး)
