
မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ ကွမ်းများလည်းစိုက်ပျိုးကြောင်း၊ ဆေးရွက်ကြီးများလည်း စိုက်ပျိုး ကြောင်း သိရသည်။ ကွမ်းရွက်သည် အမိုးအကာဖြင့် အထူးဂရုစိုက်ရသော အပင်ဖြစ်ပြီး အသန့် အရှင်းလည်း ကြိုက်သောအပင် ဖြစ်ပါသည်။ မြင်းခြံမြို့နယ်တွင် ကွမ်းစိုက်သောကျေး ရွာများမှာ သမုန်းကိုင်း၊ ဘောလုံးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ဆောင်းရာသီ ရောက်ပြီဖြစ်သောကြောင့် ကွမ်း အထွက်နှုန်း နည်းလာပြီဖြစ်၍ ဈေးနှုန်းမြင့်တက်လာကြောင်း ကွမ်းစိုက်တောင်သူ၏ ပြောပြချက်အရ သိရသည်။ မြင်းခြံမြို့ရှိ ကွမ်းပွဲရုံများသို့ တင်ပို့ရောင်း ချကြောင်း၊ အချို့ ပွဲစားများသည် ရွာအရောက်လာရောက်ဝယ်ယူကြကြောင်း၊ အချို့မှာ မြို့ပေါ်ရှိ ကွမ်းယာဆိုင်များသို့ တိုက်ရိုက်ဖောက်သည်ပေး ရောင်းချကြောင်း သိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင် သာယာဈေးနှင့် စံပြဈေးတို့တွင် ဒီဇင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသောဈေးနှုန်းမှာ ကွမ်းတစ်ပိဿာလျှင် (၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ကျပ်) ထိ ဈေးမြင့်တက်လာကြောင်း သိရသည်။
DOCA(မန္တလေး)
