
ပုသိမ်မြို့နယ်အတွင်း စပါးစိုက်ပျိုးလျက်ရှိသော တောင်သူများမှာ ကောက်ညှင်းစပါးကို ထည့်သွင်းစိုက်ပျိုးလျက်ရှိသော်လည်း ယခင်နှစ်မှစတင်၍ ကောက်ညှင်းစပါးဈေးနှုန်းမှာ ဈေးကောင်းရရှိသည့်အတွက် ယခုနှစ်တွင်လည်း ကောက်ညှင်းစပါးကို တိုးချဲ့စိုက်ပျိုးလျက် ရှိသော တောင်သူများထံမှ သိရသည်။
ယခင်နှစ်ကောက်ညှင်းဈေးကွက်တွင် ကောက်ညှင်းစပါးတင်း ၁၀၀ ဈေးနှုန်းမှာ ပေါ်ကာစ ကျပ် ၄၅ သိန်းဝန်းကျင်ဈေးရရှိပြီး ရာသီကုန်ချိန်တွင် ကောက်ညှင်းစပါးဈေးမှာ ကျပ်သိန်း ၃၀ ခန့် ဈေးရရှိသော်လည်း တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း သိရသည် ။ ယခုနှစ် မိုးစပါး ပေါ်ချိန် အောက်တိုဘာလလကောက်ညှင်းစပေါ်ချိန် ကောက်ညှင်းဈေးမှာ တင်း ၁၀၀ ကျပ် ၃၈ သိန်းဝန်းကျင် ပေါက်ဈေးရှိပြီး ယခုအချိန် ကောက်ညှင်းဈေးနှုန်းမှာ တင်း ၁၀၀ ကျပ် ၂၆/၂၇ သိန်း ဝန်းကျင်ဈေးရှိသော်လည်း တောင်သူများအကျိုးအမြတ် ရရှိကြောင်း သိရသည်။ ယခုအချိန် မိုးဧည့်မထ စပါးဈေးနှုန်းမှာ တင်း ၁၀၀ ကျပ် ၁၃/၁၄ သိန်းဈေးဖြင့် အရောင်းအဝယ်ဖြစ်နေချိန် ဈေးနှုန်းပိုမိုရရှိသော ကောက်ညှင်းစပါးဈေးနှုန်းမှာ တောင်သူများ တွက်ချေကိုက်မှု ရှိကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် စိုက်ပျိုးလျက်ရှိသော ကောက်ညှင်းအမျိုးအစားများမှာ မှော်ဘီ ကောက်ညှင်း ၊ လာအိုကောက်ညှင်း ၊ ကောက်ညှင်းအရင် ၊ ကောက်ညှင်းအသွယ်မျိုးတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး မိုးရာသီတွင် တင်း ၈၀ နှင့်အထက် ဆောင်းစပါးရာသီတွင်လည်း တင်း ၁၀၀ နှင့် ၁၂၀ ကြား ထွက်ရှိကြောင်း စိုက်ပျိုးစရိတ်မှာ ကျပ် ၁၀ သိန်းဝန်ကျင်ရှိပြီး လက်ရှိ ကောက်ညှင်း ဈေးမှာ တောင်သူများအကျိုးအမြတ် ရရှိကြောင်း သိရသည်။ မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးနေသော မုန့်ပဲသရေစာအများစုတွင် မပါမဖြစ် ပါဝင်နေသော ကောက်ညှင်းကို ယခုဆောင်းရာသီတွင်း ပုသိမ်မြို့နယ်အတွင်းရှိ ကြက်ပေါင် ၊ စာဖြူစု ၊ ရေမနေ ၊ ရေအိုးစင် ၊ တလိုင်းချောင်း ၊ ဥတို ၊ ဆယ်ပင်ကြီး ၊ ဆယ်ပင်လေး ၊ ခရမ်းကွင်းကျေးရွာနှင့် အခြားကျေးရွာများတွင်လည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
