
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ရပ်ရှိ ငါးစုံတွဲတံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ငါးစုံတွဲတံဆိပ်ဂျုံခေါက်ဆွဲသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)
