
မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးတွင် နိုဝင်ဘာလလယ်၌ သစ်သီးဝလံများစုံလင်စွာရောင်းချ လျက်ရှိကြောင်းသိရသည်။ ဆောင်းရာသီဝင်လာပြီဖြစ်၍ သစ်သီးဝလံ အမျိုးအစားများ စုံလင်စွာ ရောင်းချလာရာ ပန်းသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်သီး၊ ထောပတ်သီး၊ ချစ်ပန်းသီးစသည့်တို့ စုံလင်စွာ ရောင်းချနေရာ သစ်သီးကြိုက်သည့် စားသုံးသူများအတွက် အကြိုက်တွေ့ကြောင်းသိရသည်။ နိုဝင်ဘာလလယ်၌ ပေါက်ချောင်းဈေးတွင် ပန်းသီးတစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ချစ်ပန်းသီး (၂၅)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ လိမ္မော်သီး(၂၅)ကျပ်(၂၀၀၀-၃၀၀၀)ကျပ်၊ ပျားလိမ္မော်သီး (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ်၊ ထောပတ်သီးတစ်လုံးလျှင် အလုံးအကြီးအသေး အပေါ်မူတည်၍ (၅၀၀-၁၀၀၀)ကျပ် ဈေးတို့ဖြင့် ရောင်းချနေရာ ယခင်တပတ်နှင့်နှိုင်းယှဉ်ပါက ပျားလိမ္မော်မှာ အဝင်လှိုင်လာပြီဖြစ်၍ (၂၅)ကျပ်သားပေါ်တွင် (၁၀၀၀)ကျပ် ကျဆင်းကြောင်း သိရသည်။ ပေါက်ချောင်းဈေးရှိ သစ်သီးဝလံရောင်းချသည့် လက်လီဈေးသည်များမှ မိတ္ထီလာမြို့၊ မြို့မဈေး အရှေ့ပိုင်းရှိ သစ်သီးပွဲရုံများမှတဆင့် ဝယ်ယူရောင်းချကြောင်းသိရသည်။
DOCA(မန္တလေး)
