
မြင်းခြံမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အညာဒေသမြို့တစ်မြို့ဖြစ်ပြီး ထန်းပင်ထန်းတောများပေါများ လှပါသည်။ မြန်မာ့ရိုးရာအစားအစာများပြုလုပ်ရာတွင် အများဆုံးထည့်သွင်း ပါဝင်ရသော ထန်းလျက်များထွက်ပေါ်ရာဒေသတစ်ခုလည်းဖြစ်ပါသည်။ ထန်းလျက်ဖြင့်တွဲဖက်၍ ပြုလုပ်သော မုန့်ပဲသရေစာများစွာရှိသည့်အနက် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သော မရွေးမုန့်သည်လည်း ကလေးလူကြီးကြိုက်နှစ်သက်သော သရေစာမုန့်တစ်မျိုးဖြစ်၍ အလှူပွဲ၊ မင်္ဂလာပွဲ၊ ဘုရားပွဲများတွင် ဧည့်ခံမုန့်အဖြစ်လည်းကောင်း၊ လက်ဆောင်အဖြစ်လည်းကောင်း လူကြိုက်များသောမုန့်တစ်ခုဖြစ်ပါသည်။ အထက်အညာဒေသမှ ထန်းလျက်နှင့် အောက်ပိုင်းဒေသတစ်ခုဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဒေသမှထွက်ရှိသော ကောက်ညှင်းဆန်ဖြင့်ပြုလုပ်သော မရွေးမုန့်များကို မြင်းခြံမြို့၊ မြို့မစည်ပင်သာယာဈေးကြီးနှင့် အေးမြသီတာဈေးတွင် ဝယ်ယူရောင်းချလျက်ရှိရာ (၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ဒေသခံများဝယ်ယူစားသုံး လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
