
မြင်းခြံမြို့နယ်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်သော စားကြံသီးနှံပင်ကိုလည်း စိုက်ပျိုးထားကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်တွင်စားကြံစိုက်ဧက (၇၈)ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကြံသည် ပူနွေးစိုစွတ်သော ဒေသနှင့် သမနွေးပိုင်း ဒေသများတွင်ဖြစ်ထွန်းကြောင်း၊ အပင်မြင့်မှာ (၉)ပေနှင့် (၁၅)ပေကြား၊ ပင်စည်လုံးပတ်မှာ အချင်း ၂ လက်မခန့်ရှိပြီး အပင်ခြေတွင် ပင်စည်ပွားများစွာရှိကြောင်း၊ သွင်းရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုး ဖြစ်ထွန်းနိုင်သော သီးနှံဖြစ်ကြောင်း၊ မြေကြီးအစိုဓာတ် လုံလောက်စွာ ထိန်းသိမ်းနိုင်သော မည်သည့်မြေအမျိုးအစားကိုမဆို ကြံများစိုက်ပျိုး ဖြစ်ထွန်းနိုင်ကြောင်း၊ ရေကြိုက်သောသီးနှံဖြစ်သော်လည်း ရေဝပ်ခြင်းကို မနှစ်သက်ကြောင်း၊ ထယ်ထိုးထွန်မွှေ နှစ်ကြိမ်မှ သုံးကြိမ်ပြုလုပ်ပြီး ထယ်ရေးညက် အောင်ပြုလုပ်ကြောင်း၊ စိုက်ပျိုးရန်အတွက် မြေကိုညှိ၍ စိုက်ပျိုးပေးရကြောင်း၊ ရင့်မာသော ကြံဆစ်ပိုင်းများကို ဖြတ်တောက်၍ ကိုင်းဖြတ်မျိုးပွားပြီး ထယ်ကြောင်းပေး၍ အနက်(၆-၁၂)လက်မတွင် မြောင်းအတွင်း၌ အလျားလိုက်ချ၍ စိုက်ပျိုးကြောင်း၊ ယခင်နှစ် တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၇) တန်ခန့်ထွက်ရှိခဲ့ကြောင်း၊ ကြံအထွက်နှုန်းသည် ရေရရှိမှု၊ မြေဩဇာထည့်သွင်းခြင်းနှင့် မြေအမျိုးအစားပေါ်တွင် အခြေခံပြီး အထွက်နှုန်းကောင်းနိုင်ကြောင်း သစ်ပင်ရှည်ကျေးရွာမှ ကြံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
