“ဆေးဖက်ဝင်ပူစီနံပင်ကိုအိမ်တိုင်းစိုက်ပျိုးသင့်ကြောင်း”

Powered by Drupal

   မြန်မာလူမျိုးများသည် ပူစီနံအပင်ကို အမျိုးမျိုးအသုံးပြုကြပါသည်။ များသောအားဖြင့် ဒံပေါက်၊ စမူဆာစတာတွေနဲ့ တွဲစားလေ့ရှိကြပါသည်။ အချို့သည် ဟင်းခတ်အမွှေးအကြိုင် အနေနဲ့ ဟင်းချက်တဲ့အခါ အသုပ်သုပ်တဲ့အခါတွေမှာလည်း ထည့်သုံးလေ့ရှိကြပါသည်။ ပူစီနံပင် သည် အသုံးဝင်တဲ့နေရာများသလို သူရဲ့ကျန်းမာရေးကောင်းကျိုးတွေလည်း များစွာရှိပါသည်။ ပူစီနံပင် သည် ဓါတ်မတည့်တာနဲ့ ရောင်ရမ်းတာတွေကို သက်သာစေခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ သွေးတိုး ရောဂါ၊ အအေးမိ၊ ချွဲကျပ်ချောင်းဆိုး၊ လည်ချောင်းနာတွေကို သက်သာပျောက်ကင်း စေကြောင်း သိရှိရပါသည်။ ပူစီနံပင်နှင့်အရွက်ရဲ့ အနံ့သည်စိတ်ပင်ပန်းကျပ်တည်းနေတာကို‌ ပြေလျော့စေပြီး စိတ်ကြည်လင်လန်းဆန်းစေအောင် အထောက်အကူပြုပါကြောင်း‌ ပူစီနံပင်ကို ရေမဝပ်သော နှုံးမြေတွင်  ဘောင်စနစ်ဖြင့် စိုက်ပျိုးပါက အထူးကောင်းမွန်ပါသည်။ ပူစီနံမျိုးစေ့များကို အပင် ပေါက်မြန်စေရန်အတွက် ရေတွင်(၂၄)နာရီစိမ်ရပြီး တစ်ပင်နှင့်တစ်ပင်(၀.၅)လက်မခွာ၍ ဘောင်ပေါ် တွင် စတင်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့(၂)ကြိမ် လောင်းပေးရပါသည်။ အပင်ငယ်စဉ်အချိန်တွင် ခါးရိရောဂါကျရောက်နိုင်သည့်အတွက် ရေကိုအစိုဓာတ် ထိန်းရန်အတွက်သာ လောင်းပေးရပါသည်။ အပင်ပေါက်ပြီး (၄၅)ရက်ကျော်လျှင် ပူစီနံအရွက်များ စတင်ခူးယူ စားသုံးနိုင်ပါသည်။ ပူစီနံပင်များကို တစ်ပတ်လျှင်(၂)ကြိမ်နှုန်းဖြင့် ကိုင်းဖြတ်စည်းများ ပြုလုပ်ပြီး ပူစီနံ(၅)ခက်ပါ တစ်စီးလျှင်(၂၀၀-၂၅၀/-)ကျပ်နှုန်းဖြင့် ဈေးများတွင် ရောင်းချရကြောင်း၊ ဒံပေါက် ဆိုင်၊ လ္ဘက်ရည်ဆိုင်များနှင့် အလှူပွဲ၊မင်္ဂလာပွဲများမှလည်း အော်ဒါမှာယူကြကြောင်း၊ ပူစီနံ (၁၀)ဘောင်စိုက်ပျိုးပါက အစည်းရေ (၄၀၀-၅၀၀)စည်းခန့်ထွက်ရှိကြောင်း နေ့စဉ်ဝင်ငွေရရှိပြီး စိုက်ပျိုးစရိတ်သက်သာသည့် ပူစီနံပင်များကို မိသားစုအပိုဝင်ရရှိအောင် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)