“ကီလိုမာလကာသီးဈေးကောင်းရရှိ”

Powered by Drupal

  ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှုအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်နောက်ကျေးရွာ၊ သံရွာကျေးရွာနှင့်  အရှေ့ သပြေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  မိသားစုအပိုဝင် ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် ဈေးကွက်ဝယ်လိုအားရှိသည့် ကီလိုမာလကာပင်များကို လည်း စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံကို  ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာလ များတွင် အများဆုံး စိုက်ပျိုးကြပါသည်။ မိုးဦးကျ ကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်ပြီး  အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ် စည်းမျိုးပင်ကို (၁)နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင် ပါသည်။ စိုက်ပျိုးရာတွင် (၁)ပင် နှင့်(၁)ပင် (၁၅-၁၆)ပေ ခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် (၄-၅) နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက်မြေထုပ်ပျိုးပင်ကို (၁)နှစ်ခွဲ (၂)နှစ် အတွင်းမှာ အသီးသီးပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက် မြေထုပ်စည်းအပင်ကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစား ပေါ်မူတည်၍ (၁၅၀၀-၂၅၀၀-၃၅၀၀-၄၀၀၀)ကျပ် အထိ ဈေးနှုန်းရှိကြောင်း၊ တစ်ဧကလျှင် ကီလိုမာလကာပင် (၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင်အသီးများ စတင် ခူးဆွတ်ရကြောင်း၊ စတင် ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး (၁၀၀၀-၁၂၀၀)ခန့် ခူးဆွတ်ရ ကြောင်း၊ ယခုမိုးဦးကျနှင့် မိုးရာသီတွင် အသီးများ ဖြိုင်ဖြိုင်ထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီးအထွက်နှုန်း လျော့နည်းပါသည်။ အသီးများ ဖြိုင်ဖြိုင်ထွက်သော ရာသီဖြစ်သောကြောင့် ဈေးနှုန်းအနည်းငယ် ကျဆင်းသော်လည်း အကျိုးအမြတ် လျော့နည်းခြင်း မရှိကြောင်း၊ ကီလိုမာလကာသီး တစ်လုံးလျှင်လက်လီဈေး (၆၀၀-၇၀၀)ကျပ် အထိ ရောင်းချ ရကြောင်း၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး ၊ အသေးပေါ်မူတည်၍ (၅၀၀-၆၀၀)ကျပ် ဈေးများဖြင့် ရောင်းချပေးကြောင်း၊ ကျောင်းဖွင့်ရာသီချိန် ဖြစ်သဖြင့်  ပိုမိုအရောင်းသွက်ကြောင်း၊ မာလကာသီးကို ဒေသတွင်းမြို့နယ်များရှိ ဈေးများ နှင့်  ရွှေသိမ်တော်ဘုရားသို့ လာရောက်ဘုရားဖူးကြသူ များမှာလည်း အိမ်ပြန်လက်ဆောင်အနေဖြင့် အများဆုံးဝယ်ယူကြကြောင်း ၊ ကီလိုမာလကာပင် များကို မိသားစု အပိုဝင်ငွေရရှိအောင် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း မာလကာသီးအများဆုံး စိုက်ပျိုးသော တောင်သူတစ်ဦး ၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)