၂၀၂၅/၂၀၂၆ခုနှစ်၊မြင်းခြံမြို့နယ်၏မိုးငရုတ်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

         မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ မိုးငရုတ်များကိုလည်းစိုက်ပျိုးထားကြောင်း၊  မိုးငရုတ်ကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် ကာအထိ (၄) လခန့်ကြာမြင့်ကြောင်း သိရှိရသည်။

            ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင်  မိုးငရုတ်စီမံကိန်းသီးနှံလျာထားချက် (၅၁၀) ဧကတွင် စိုက်ဧက(၇၅၃)ဧကစိုက်ပျိုးထားရှိပြီး၊ လျာထားချက်ထက်(၂၄၃)ဧကကျော် ပိုမိုစိုက်ပျိုးထားရှိကြောင်း၊  မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးငရုတ်များကို နဘူးအိုင်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ အနိမ့်ရွာနှင့် ပတ္တာကျေးရွာများတွင် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့် ထွက်ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်တွင် မြင်းခြံမြို့အေးမြ သီတာဈေး၌ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလ နောက်ဆုံးပတ် ငရုတ်သီးစိမ်း တစ်ပိသာလျှင် (၄၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက် ငရုတ်သီးစိမ်း တစ်ပိဿာ လျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်း ကျဆင်းခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် မြင်းခြံဈေးကွက်သို့ ပုပ္ပါးမြို့၊ ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့မှထွက်ရှိသော ငရုတ်သီးစိမ်း ဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)