ကျေးလက်ဓလေ့ သရက်သီးခြောက်

Powered by Drupal

          မြန်မာနိုင်ငံအလယ်ပိုင်း၏ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာရှိသော ရွာများသည် မိုးတွင်းကာလ ဝါဆို၊ ဝါခေါင်လများမှာ တစ်နယ်လုံး ရေလွှမ်းမိုးသည့် အခြေအနေသည် နှစ်စဉ်အမြဲ ကြုံတွေ့နေရသည့် အခြေအနေဖြစ်သည့်အားလျော်စွာ  တနည်းအားဖြင့် ဒေသအခေါ် ရေကြီးသည်ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ထိုကဲ့သို့ ရေကြီးသည့်အချိန်တွင် လှေများဖြင့်သာ သွားလာနေရပြီး တောင်သူလုပ်ငန်းများ ရပ်နားထားရသဖြင့် ဝင်ငွေရပ်တန့်နေရသည့်အချိန်အခါ ဖြစ်သည်။ ရှေးလူကြီးများ၏ အမြော်အမြင်ရှိမှုအရ ရေကြီးချိန်တွင် ဟင်းလျာအဖြစ် စားသုံးနိုင်ရန်အတွက် သရက်သီးများ ထွက်ပေါ်ချိန် တန်ခူး၊ ကဆုန်၊ နယုန်လများကတည်းက သရက်သီးစိမ်း အချို့ကို ဓားဖြင့်ပါးပါးလှီးဖြတ်ကာ နေပူလှန်းအခြောက်ခံ၍ လုံခြုံစွာထုတ်ပိုးသိမ်းဆည်းထားတတ်ကြလေသည်။ ရေကြီးချိန်တွင် ၎င်းသရက်သီးခြောက်များကို အသား၊ ငါးများဖြင့် ရောချက်ခြင်းဖြင့်လည်းကောင်း၊ ငရုတ်သီးစပ်စပ်ထည့်ကာ ငပိချက်ချက်စားခြင်းဖြင့်လည်းကောင်း၊ ကြိုက်နှစ်သက်သလို ချက်ပြုတ်စားသောက်လေ့ရှိကြသည်။

            သရက်သီးခြောက်များကို မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှ မြင်းခြံမြို့ပေါ်ရှိဈေးများသို့ လာရောက်ရောင်းချလေ့ရှိကြပြီး ဈေးနှုန်းအနေနဲ့ ၂၅ကျပ်သားလျှင် ၂၀၀၀ ကျပ်နှုန်း၊ တစ်ပိဿာ လျှင် ၇၅၀၀-၈၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကျေးလက်ပြည်သူများအတွက် အပိုဝင်ငွေရရှိနေကြောင်း တင်ပြလိုက်ပါတယ်။

DOCA(မန္တလေး)