
ပဲလင်းမြွေသီး(ခေါ်) ဗုံလုံသီးပင်သည် သခွား၊ ဗူး၊ ဖရုံနွယ်ဝင် အပင်တစ်မျိုးဖြစ်ကြောင်း၊ အဖြူရောင်ခပ်ရှည်ရှည်အသီးတစ်မျိုးဖြစ်ပြီး၊ အသီးအပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်၍ အရွယ်တော်လေးတွေတုံးပြီး အလယ်အူတိုင်ကိုဇွန်းအမြီးနှင့် ရစ်ထုတ်ပြီး အလယ်မှာအသား၊ ငါးစသည့်တို့ အဆာသွပ်၍ ချက်စားရကြောင်း သိရှိရသည်။ ပဲလင်းမြွေသီး(ဗုံလုံသီး)တွင် အာဟာရဓာတ်များစွာပါဝင်ကြောင်း၊ ရေဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေစနစ်ကို အားကောင်းစေပြီး အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ အဆာခံနိုင်၍ ဝိတ်ချချင်သောသူများအတွက် စားပေးသင့်သော အသီးဖြစ်ကြောင်း၊ ကယ်လ်ဆီယမ်ဓာတ် ပါဝင်သောကြောင့် အရိုးနှင့်သွားများကို သန်မာစေကြောင်း၊ စိတ်ဖိစီးမှုကိုလျော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဆီးရွှင်၍ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းစေကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ် သင်္ဘောတင်ကျေးရွာတွင် ဗုံလုံသီးများကို တောင်သူများက စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ မေလမှဩဂုတ်လအထိ စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်မှ ၆၀ ရက်အတွင်း အသီးများစတင်ခူးဆွတ်နိုင်ကြောင်း၊ အသီးရှည်ရန်နှင့် အသီးများ ဖြောင့်တန်းစေရန် ခဲဆွဲပေးရကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ၈၀ ရက်မှ ၉၀ ရက်ကြာမြင့်ကြောင်း သိရှိရသည်။ စိုက်ခင်းရောင်းဈေးမှာ ဗုံလုံသီးတစ်တောင့်လျှင် ပြွန်ဈေး(၁၀၀၀)ကျပ်ခန့်ပေါက်ဈေးများရှိကြောင်း၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ဗုံလုံသီးတစ်တောင့်လျှင် လက်လီဈေး (၁၂၀၀-၁၇၀၀)ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ဗုံလုံသီး အရည်အသွေးနှင့် အကြီးအသေးပေါ်တွင် ဈေးနှုန်းများကွာခြားကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်မြို့သို့လည်းတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
