
ပုဏ္ဏရိပ်ပန်းကလေးများသည်လည်း ရနံ့မကြွယ်သောအလှပန်းပင်ကလေးများဖြစ်ပါသည်။ အပင် အရွယ်အစားမှာလည်း မကြီးလွန်း မမြင့်လွန်းသော ခြုံနွယ်ပင်အမျိုးအစားဖြစ်ပြီး တစ်ပင် လုံးပန်းများ ဝေဆာနေအောင် ပင်လုံးကျွတ်ပွင့်တတ်ပြီး ကြာရှည်ခံသော မညှိုးသော အမျိုးအစားဖြစ်သည်။ ပုဏ္ဏရိပ်ပန်းပင်များကို စာသင်ကျောင်း၊ဘုရားကျောင်းကန်၊ အလှပန်းခြံနှင့် အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးလေ့ရှိကြသည်။ ပုဏ္ဏရိပ်ပန်းသည် အနီရောင်၊ အဝါရောင်၊ အဖြူရောင်၊ပန်းရောင်၊ အုတ်ခဲရောင် စသည်ဖြင့် အရောင်မျိုးစုံ ပွင့်လန်းသော ပန်းမျိုးဖြစ်သည်။ ပန်းစိုက်သူ ပန်းချစ်သူများအတွက် ရနံ့ဖြင့် မဆွဲဆောင်နိုင်ပေမယ့် အမြဲတမ်း ပန်းပွင့်ပေးတတ်၍ စိုက်ပျိုးသူတို့ကို စိတ်မပျက်စေပါ။ ပုဏ္ဏရိပ်ပင်သည် ပန်းပွင့်သော အပင်မျိုးစုဖြစ်၍ အပူပိုင်းဒေသ အမြဲစိမ်း ခြုံနွယ်သစ်ပင်မျိုးဖြစ်သည်။ တစ်နှစ်ပတ်လုံး ပန်းပွင့်တတ်ပြီး ဟိန္ဒူဘာသာရေး အခမ်းအနားများတွင် အသုံးပြုလေ့ရှိသည်။ ပုဏ္ဏရိပ်ပန်း၏ အဓိပ္ပာယ်သည် “သခင်” ဟူ၍ ဖြစ်ပြီး နတ်ဘုရား Siva ကို ရည်ညွှန်းသည် ဟုလေ့လာသိရှိရသည်။ မည်သို့ပင်ဆိုစေကာမူ နေဒဏ် မိုးဒဏ်ခံနိုင်ရည်ရှိပြီး တစ်နှစ်ပတ်လုံး ပန်းပွင့်တဲ့ အပင်မျိုးဖြစ်သည့်အတွက်ကြောင့် စိုက်ပျိုး သင့်သော အပင်မျိုးဖြစ်သည်။ ကိုယ်စိုက်ပျိုးထားသော ပန်းကလေးများ ပွင့်ဖူးနေတာကို မြင်ရလျှင် စိုက်ပျိုးသူ မြင်ရသူအားလုံး၏ စိတ်ကို တဒင်္ဂတော့ ငြိမ်းအေးမှုပေးနိုင်မည် ထင်ပါသည်။ ပုဏ္ဏရိပ်ပန်းပျိုးပင်တစ်ပင်လျှင် (၂၀၀၀/၃၀၀၀/၅၀၀၀)ကျပ် ဖြင့် ရောင်းချလျှက်ရှိပြီး မိမိတို့ လိုအပ်နေသော သစ်ပင်စားပင်ပန်းပင်များကို Delivery စနစ်ဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင် ပေးသော စနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်ဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)
