စက္ကူပန်းပျိုးပင်ဈေးကွက်

Powered by Drupal

              စိတ်ကိုပျော်ရွှင်လိုလျှင် သစ်ပင်ပန်းပင်စိုက်ပါ။ သစ်ပင်က အေးမြမှုအရိပ်ကို ပေးသည်။ ပန်းကလေးတွေက သူတို့ရဲ့အလှ၊ သူတို့ရဲ့ ရနံ့ဖြင့် စိတ်ကြည်လင်မှု၊ စိတ်ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုကို အခိုက်အတန့်လေး ဖြစ်စေသည်မှာ ဧကန်မလွှဲပေ။ အချို့ပန်းများက ရနံ့ဖြင့် ဆွဲဆောင်နိုင်သည်။ အချို့ပန်းများက ရနံ့မပါ အလှနဲ့ဆွဲဆောင်နိုင်သည်။ အချို့ပန်းကလေးများက ရနံ့လည်းရှိ ပန်းလည်းလှသည့်အနေဖြင့် ဆွဲဆောင်နိုင်ကြသည်။ ထိုထဲကမှ စက္ကူပန်း ကလေးများသည် ရနံ့မပါ လှသွေးကြွယ်သည့် ပန်းကလေးများဖြစ်သည်။ စက္ကူပန်းကလေးများ သည် အဖြူ၊အနီ၊ ပန်းရောင်၊ ခရမ်းရောင်၊ အုတ်ခဲရောင်၊နှစ်ရောင်စပ် စသည်ဖြင့် ရောင်စုံပွင့် လန်းကြသည်။ အပူပိုင်းဒေသများအတွက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော အပင်မျိုးဖြစ်သည်။ စက္ကူပန်းလေး၏ အဓိပ္ပာယ်မှာ အေးချမ်းခြင်းဖြစ်ပြီး ဘဝရဲ့ ပျော်ရွှင်မှု ဟူ၍ အဓိပ္ပာယ်ရသည်။ ရနံ့မရှိလို့ လူကြိုက်နည်းပြီး အချစ်မခံရပေမယ့် အလှဆုံးကြိုးစားရှင်သန်နေသော သန်မာသည့် ပန်းကလေးများဖြစ်သည်။ ယခုအခါ စက္ကူပန်းပင်များကို လမ်းဘေးဝဲယာ တစ်လျောက်၊ ပန်းခြံ၊ ဘုရားကျောင်းကန်၊ အိမ်ခြံစည်းရိုးများတွင် အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ စက္ကူပန်း လေးတွေကလည်း ရနံ့မကြွယ်ပေမယ့် ပန်း၏အဓိပ္ပာယ်သည် ကောင်းသော အတိတ်နမိတ်ကို ဆောင်ကြည်းပေးနိုင်သောကြောင့် လူတိုင်းစိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်သည်။ ဈေးနှုန်း သက်သာပြီး ဝယ်ယူမှုများသောကြောင့် ပန်းစက္ကူတစ်ပင်လျှင် အပင်အရွယ်အစား အရောင်အဆင်းပေါ်မူတည်၍ (၁၀၀၀/၅၀၀၀/၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရသည်။

DOCA(မန္တလေး)