
မအူပင်မြို့နယ်တွင် ဘုရားပန်းရောင်းချသူ လုပ်ငန်းရှင်များရှိပြီး ဘုရားပန်းရောင်းချသည် ပန်းဒိုင်ကြီးများလည်းရှိသည်။ မအူပင်မြို့နယ်တွင် ဒေသထွက် ပန်းများကို ဘုရားပန်းစိုက်ပျိုး ရောင်းချကြသလို အခြားဒေသထွက်ပန်းများကို ရန်ကုန်ဈေးကြီးများမှ မှာယူပြီး ဒေသတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိ၍ စီးပွားဖြစ်ထွန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခုလ နိုဝင်ဘာလများတွင် ဒေသထွက် ပန်းများ မထွက်ရှိသေးသဖြင့် ရန်ကုန်မှ ကျောက်စိမ်းပန်းဖြူ၊ ကျောက်စိမ်းပန်းဝါ၊ နှင်းဆီပန်း၊ ပန်းဒိန်ငို၊ ခိုင်ရွှေဝါ၊ ဂန်နမာပန်းဖြူများ မှာယူရောင်းချကြောင်း ပန်းဒိုင်ကြီးမှ သိရသည်။
မအူပင်ပန်းအရောင်းဒိုင်မှ ကျောက်စိမ်းပန်း အဖြူနှင့်အဝါ ပန်းများကို ရန်ကုန်မှ ပန်းထုံး ၁၀၀-၅၀၀ အထိ နေ့စဉ် မှာယူကြောင်း၊ ပန်းထုံး ၁ထုံးလျှင် ဘုရားပန်းအစီးရေ ၃၀ခန့် ထွက်ရှိကြောင်း၊ လက်ကား ကျောက်စိမ်းပန်း ၁စီးလျှင် ၁၂၀၀ကျပ်ဖြင့် ဖောက်သည်ပေးပြီး ဈေးကွက်အတွင်းတွင် ပန်း၁စီးလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပန်းထုံး ၁ထုံးရင်းနှီးငွေမှာ ၂၄၀၀၀-၂၅၀၀၀ကျပ် ဖြင့်ရန်ကုန်မှ ဝယ်ယူရကြောင်း၊ ပန်းထုံး ၁၀၀လျှင် ငွေကျပ် ၂၄၀၀ ၀၀၀ကျပ်ရင်းနှီးရကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃၆၀၀ ၀၀၀ကျပ် ရရှိသဖြင့် ၁၂၀၀ ၀၀၀ကျပ် ကျန်ရှိသဖြင့် စီးပွားဖြစ်အဆင်ပြေလျက်ရှိကြောင်း ဈေးကွက်အတွင်း လက်လီပန်းရောင်းချသူများအတွက်လည်း အကျိုးအမြတ်ကျန်ရှိ၍ တွက်ခြေကိုက်စီးပွားဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
