“မြစ်သားမြို့နယ်တွင် ဆောင်းကြက်သွန်နီများစတင်စိုက်ပျိုး”

Powered by Drupal

      ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန် သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ်အတွင်း ဆောင်းကြက်သွန်များအား ယခုအခါ စတင်စိုက်ပျိုးလျက်ရှိပါသည်။ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများဖြစ်ပါသည်။စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန် အသင့်ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည် ။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်းသိန်း(၃၀)ကျော်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၃၀၀၀) ပိဿာကျော်ထွက်ရှိခဲ့ကြောင်း  ၊ ယခင်နှစ် ဆောင်းကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ထွက်ပေါ်ချိန်တွင် ၁ ပိဿာလျှင်(၂၈၀၀)ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၅၀)သိန်းကျော်မြတ်ခဲ့ကြောင်း၊ ဆောင်းကြက်သွန်နီ ပေါ်ချိန်တွင် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ကြက်သွန်နီထွက်ရှိချိန်တွင် စျေးနှုန်း များကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဆောင်း ကြက်သွန်နီ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)