“ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့်မိသားစုအပိုဝင်ငွေများစွာရရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်၊ နေကြာစသည့်သီးနှံမျိုးစုံအပြင် ရာသီအလိုက်စိုက်ပျိုးသည့် ကုန်စိမ်း သီးနှံများစွာစိုက်ပျိုးကြပါသည် ။ ၄င်းကုန်စိမ်းသီးနှံများအနက် ရုံးပတီသီး သီးနှံလည်းပါဝင်ပါသည်။  ရုံးပတီသီး သီးနှံကို တောင်သူများမှ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ စိုက်ပျိုးလာကြပါသည်။ ရုံးပတီသီး သီးနှံသည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကျောင်းကုန်း၊အုန်းခရိုင်နှင့်မင်းစုကျေးရွာများတွင် စိုက်ပျိုး ကြပါသည်။အများဆုံးစိုက်ပျိုးသောမျိုးများမှာပင်မြင့်၊ပင်ပုနှင့်ပင်လတ်မျိုးများကိုစိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ် စိုက်ပျိုးရပြီး မျိုးစေ့(၁)ထုပ်လျှင်(၃၀၀၀၀/-)စျေးနှုန်းများဖြင့်ဝယ်ယူ စိုက်ပျိုးရကြောင်း၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်(၆၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် စတင် ခူးဆွတ်ရကြောင်းသိရှိရပါသည်။ ခူးဆွတ်မှုအနေဖြင့် တစ်ရက်ခြား(၁)ကြိမ် ခူးဆွတ်ရကြောင်း၊ သက်တမ်းအနေဖြင့် ၂ လ ကျော်ခန့်ခူးဆွတ်ရကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပိဿာ (၁၄၀၀၀)ခန့် ထွက်ရှိကြောင်း၊ ရုံးပတီသီးစျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် လက်ကား(၈၀၀-၁၀၀၀)ကျပ် ၊ လက်လီ(၁၅၀၀-၂၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ်များနှုတ်ပြီးပါက (၇၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် မြတ်ကြောင်း၊ ပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူကြကြောင်း၊ရုံးပတီသီး သီးနှံစိုက်ပျိုး ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေသည့်အပြင် စီးပွားလည်းဖြစ်ဝင်ငွေတိုးသောကြောင့် တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ပါကြောင်း ရုံးပတီသီး သီးနှံစိုက်ပျိုးသော တောင်သူတစ်ဦး ၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)