“ရာသီပေါ် ပဲစောင်းလျားသီးများ စျေးကောင်းရ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံ တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည် ။ မိသားစုတစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်ဝင်ငွေတိုးသောပဲမြစ်သီးနှံကိုလည်း‌ တောင်သူကြီးများတိုးချဲ့စိုက်ပျိုးလာကြပါသည်။ ယခုအချိန်တွင် ကုန်စိမ်းသီးနှံများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိရာ ပဲစောင်းလျားသီးများလည်း ထွက်ပေါ်လျက်ရှိပါသည်။ ပဲစောင်းလျားသီး စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် (၂၅)ကျပ်သားလျှင်(၅၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုအချိန်တွင် (၂၅)ကျပ်သားလျှင် (၁၀၀၀/-)ကျပ် စျေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ပဲ‌စောင်းလျားသီးကို အခင်းထဲ အရောက်လာရောက် ၍အခင်းပြတ်ဝယ်ယူသူများရှိသလို ကိုယ်တိုင်ခူး၍ မြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များသို့ သွားရောက် ရောင်းချကြကြောင်း၊ ပဲစောင်းလျားသီးကို အိမ်ရှင်မများမှ ပြုတ်၍အသုပ်သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်အဖြင့်လည်း စားသုံးကြပါသည်။ အချို့မှာ ငါးကလေးများဖြင့် ရော၍အိုးကပ်ချက်စားကြသလို အချဉ်ရည်ဟင်းများထဲတွင်လည်း ထည့်၍ ချက်ပြုတ် စားသောက်ကြကြောင်း၊ ယခုအချိန်တွင် ပဲစောင်းလျားသီးများ ပိုမိုအရောင်းသွက်နေပြီး စျေးကောင်းရလျက်ရှိကြောင်း ၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)