ပခုက္ကူ မန်ကျည်းသီးမှည့်ဈေး ငြိမ်၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

                  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် မန်ကျည်းသီးများ ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀)၊ အစေ့လွတ် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)နှင့်ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးအတက်အကျမရှိ ငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။

                  မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမား များမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင် ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြား ဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)