
ပင်ပျော့ပင်ငယ်ဖြစ်ပြီး (၁)ပေခန့်အထိရှည်သည်။ ပင်စည်မှာ ဥ၏အောက်ခြေတွင် ရှိပြီး အနည်းငယ်မာကျော၍ အဝိုင်းပုံသဏ္ဍာန်ရှိကာ အမြစ်များဖြာထွက်နေသည်။ ကြက်သွန်ဖြူဥမှာ အဖြူရောင်ရှိပြီးသေးငယ်၏။ တစ်ဥတည်း(သို့မဟုတ်)အတက်များစွာစုပေါင်းနေပြီး အခွံပါးဖြင့် ဖုံးအုပ်ထားသည်။ ဥတစ်လုံးကြက်သွန်ဖြူက ဆေးဘက်ဝင်သည်။ တိုင်းရင်းဆေးကျမ်းများ၌ ဖော်ပြထားသည်မှာ ကြက်သွန်ဖြူဥသည် အချဉ်မှတစ်ပါး အရသာ(၅)မျိုးရှိနေ၏။ သွေးနှင့်သင့်၏။ ဖျားနာခြင်းနှင့် အရေပြားရောဂါတို့ကို ပျောက်ကင်းစေနိုင်၏။ ဆီးရွှင်ခြင်း၊ မျက်စိအားကောင်းခြင်း၊ လေသလိပ်ကြေခြင်းနှင့် သွေးသည်းခြေကိုတိုးပွာစေနိုင်သည်။ ကြက်သွန်ဖြူ၏အောက်ပိုင်းကို လှီး၍ ထွက်လာသောအစေးရည်ဖြင့် ပွေး၊ ယားနာ၊ ဝက်ခြံတို့အား မကြာခဏပွတ်ပေးခြင်းဖြင့်ပျောက်ကင်းစေနိုင်သည်။ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခြင်းဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။ ကြက်သွန်ဖြူကို အရည်ပြု၍ သောက်ခြင်း(သို့မဟုတ်)စားသုံးခြင်းဖြင့် ချောင်းဆိုးရောဂါ၊ ဝမ်းဖော ဝမ်းရောင်နှင့်ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သောအနာရောဂါများအား သက်သာပျောက်ကင်းစေသည်။
ကြက်သွန်ဖြူကို ဆားအနည်းငယ်ထည့်၍ နှမ်းဆီတွင် စိမ်ထားပြီး ထမင်းမစားမီပုံမှန် စားသုံးပါက လေရောဂါသက်သာပျောက်ကင်းစေသည်။ ကြက်သွန်ဖြူမီးဖုတ်၍ ကျွေးခြင်းဖြင့် ကလေးများ လေဆန်နာသက်သာပျောက်ကင်းစေသည်။ ကြက်သွန်ဖြူအရည်ကို ရေအနည်းငယ်နှင့်သကြား ရောပြီး ချိန်ဆတိုက်ပေးကချောင်းဆိုးကြက်ညှာပျောက်သည်။ အကြောအခြင်များကိုက်ခဲခြင်း အတွက်လည်း ကြက်သွန်ဖြူအရည်ဖြင့်ပွတ်လိမ်း၍ နှိပ်နယ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေ နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
DOCA (မန္တလေး)
