
မြင်းခြံမြို့နယ်အတွင်းရှိ လေးအိမ်တန်း၊ ခေါင်းကွဲနှင့် သင်္ဘောတင်ကျေးရွာများတွင် ဥယျာဉ် ခြံမြေများ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ကြက်ဟင်း ခါးသီး များကိုလည်း တစ်နိုင် တပိုင် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ကြက်ဟင်းခါးသီးတွင် အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုး ဟူ၍(၃)မျိုးရှိကြောင်းသိရှိရသည်။ ကြက်ဟင်းခါးသီးသည် ပူနွေးစို စွတ်သော ရာသီဥ တုကိုနှစ်သက်ပြီး မေလနှင့်ဇွန်လများတွင်စိုက်ပျိုးလေ့ရှိကြောင်း၊ ဘောင်ဖော်၍ စင်ထိုးစိုက် ပျိုးကာ စိုက်ပျိုးပြီးအပင်သက် (၂-၃)လကြာလျှင် အသီးများဆွတ်ခူးနိုင်၍ မိုးရာသီစိုက်ကြက်ဟင်းခါးပင်သည် ရေသွင်းပေးရန် မလိုအပ်ကြောင်း၊ ကြက်ဟင်းခါးပင်များအသီးအထွက် ကောင်းစေရန် ပန်းစပွင့်ချိန်တွင် အညွန့်များကို ဖြတ်ပေးသင့်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၆)လခန့် ကြာမြင့်ကြောင်းသိရှိရသည်။ မြင်းခြံဒေသရှိ တောင်သူများသည် အလုံးမျိုးကိုစိုက်ပျိုးကြကြောင်း၊ အလုံးမျိုးမှာ ကြက်ဟင်းခါးသီး အရိုင်းမှသီးသောမျိုးဖြစ်၍ လေးသောအရသာရှိပြီး အထွက်နှုန်းကောင်းသောကြောင့် တောင်သူများ သည် ယင်းမျိုးကိုပိုမိုနှစ်သက် ကြောင်းသိရှိရသည်။ ကြက်ဟင်းခါးအလုံးမျိုးကို အစေ့မှတိုက်ရိုက် စိုက်ပျိုးသောနည်းဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ကျင်းတွင် တစ်ပင်နှင့် တစ်ပင်(၂)ပေခွာပြီး မျိုးစေ့ တစ်ကျင်းလျှင်(၃-၄) စေ့ချပြီးစိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မြေပြင်ခြင်း၊ မျိုး၊စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း (၆၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဒေသတွင်း ကုန်သည်များက ကျေးရွာရှိစိုက်ခင်းများသို့ လာရောက်ဝယ်ယူ ခြင်းများလည်းရှိသကဲ့သို့ တောင်သူများ ကိုယ်တိုင် မြို့ပေါ်ပွဲရုံနှင့်ဈေးများသို့လည်း တိုက်ရိုက်ရောင်းချခြင်းများလည်း ရှိကြောင်း သိရှိရသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် (၃၀၀)ပိဿာ ခန့်ထွက်ရှိကြောင်း၊ စိုက်ခင်းရောင်းဈေး တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချနေသော ကြက်ဟင်းခါးသီး လက်လီတစ်ပိဿာလျှင် (၅၅၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ထွက်ရှိသော ကြက်ဟင်းခါးသီးများကို ဒေသတွင်း စားသုံးရန်နှင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် ဈေးကွက်တွင် ကြက်ဟင်းခါးသီးများ ရှားပါးချိန်ဖြစ်သောကြောင့် ဈေးကောင်းများရရှိကြောင်း၊ တောင်သူများအနေဖြင့် ဈေးကောင်းရရှိ၍ အကျိုးအမြတ် များရရှိကြောင်း ကြက်ဟင်းခါးစိုက်တောင်သူ တစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။
DOCA (မန္တလေး)
