
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာမြို့နယ်သည် ပင်လယ်ကမ်းခြေ ဒီရေတောများနှင့် နီးစပ်မှုရှိသည့်အတွက် ဂဏန်းမွေးမြူရာတွင် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဂဏန်းများ ကြိုက်နှစ်သက်မှုရှိသော ရေချို၊ ရေငံစပ် ကမ်းခြေနှင့်နီးစပ်မှုရှိသော လပွတ္တာမြို့နယ်အတွင်းရှိ ကျောက်ဖြူကျေးရွာ၊ သင်္ဃန်းကြီးကျေးရွာ၊ မိချောင်းအိုင်ကျေးရွာနှင့် ငပုတောမြို့နယ်အတွင်းရှိ အချို့ကျေးရွာများ ဂဏန်းများကို စနစ်တကျ မွေးမြူ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဂဏန်းများမွေးမြူရာတွင် တစ်ဧကမှ (၄)ဧကအထိ ကျယ်ဝန်းသောကန်များတွင် သဘာဝအလျောက် မွေးမြူသည့်စနစ်ဖြစ်သည့်အတွက် မွေးမြူးရေးကန်များတွင် မြစ်ချောင်းများမှ သဘာဝ ရေငံများထည့်သွင်းရန် ရေသွယ်မြောင်းများထားရှိပြီး၊ ရေစတင်ဝင်သောနေရာ၌ ရေလှောင်ကန်၊ ရေစစ်ကန်ထားရှိပြီး၊ မွေးကန်၏ ရေအနက်(၄)ပေ၊ ၅လက်မခန့် သဘာဝရေငံထည့်သွင်း၍ မွေးကန်အတွင်း ရေသန့်ရှင်းမှုရှိ/ မရှိ စစ်ဆေးပြီး ရေသန့်မှသာ ဂဏန်းပျော့ မွေးမြူနိုင်မှာဖြစ်ကြောင်း ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန်နှင့် ဂဏန်းများ စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရေးအတွက် ဂဏန်းပျော့ မွေးမြူရေးကန်များနှင့် ဂဏန်းအဝယ်ဒိုင်များ ပူးပေါင်းပြီး တစ်လလျှင်တစ်ကြိမ် ဂဏန်းမျိုးစိုက် ထည့်ခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်၍ အရွယ်အစားစုံ ဂဏန်းမများကို ကပ္ပလီပင်လယ်ဝ၊ ရွေးမြစ်ဝများတွင် မျိုးပွားရန်အတွက် ပြန်လည်လွှတ်ပေးခဲ့ရာ ပိုမိုအောင်မြင်မှုရှိကြောင်း သိရှိရပါသည်။
ဂဏန်းမွေးမြူရေးကန်မှရရှိသောဂဏန်းပျော့များကို အအေးခန်းစက်ရုံသို့ မပို့မီ ဇလုံထဲတွင် ရေချိုစိမ်ထားရပြီး ပလတ်စတစ်ဗန်းများတွင်ထည့်၍ ရေစိုအဝတ်ဖုံးကာ စနစ်တကျစီထပ်ပြီး မွေးကန်မှ စက်ရုံသို့ တင်ပို့ရကြောင်း ပြည်ပနိုင်ငံများသို့တင်ပို့ရန် ၁ kg မှ ၁.၅ kg အထိရှိသည့်အရွယ်ညီ ဂဏန်းပျော့များအား နိုင်ငံခြားမှမှာယူ တင်သွင်းရရှိထားသောအဖုံးပါ စက္ကူဗူးများဖြင့် ထုတ်ပိုးရပြီး စက်ရုံမှတစ်ဆင့်ရန်ကုန်သို့ အအေးခန်းကားဖြင့် တင်ပို့လျက် ရန်ကုန်မှတစ်ဆင့်အအေးခန်းပါသော သေတ္တာများနှင့် ရေကြောင်း၊ လေကြောင်းမှ တင်ပို့ လျက်ရှိကြောင်း လပွတ္တာမြို့နယ်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂဏန်းပျော့ ၁၀၈ မက်ထရစ်တန် တင်ပို့ခဲ့ပြီး ဇူလိုင်လတွင် ၄၅.၇၃ မက်ထရစ်တန် ပြည်ပနိုင်ငံများဖြစ်သော UK ၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ တရုတ် အာရှနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)
