
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး နှစ်စဉ် လက်ယာထွက်ကုန်သီးနှံအမယ်ပေါင်း ၆၀ ဖြင့် ပဲမျိုးစုံစိုက်ဧက (၂၁) ရာခိုင်နှုန်းကျော်ရှိပြီး ပဲမျိုးစုံ သီးနှံ (၁၉) မျိုး စိုက်ပျိုးလျက်ရှိရာ ပြည်ပဈေးကွက်ဝင် မတ်ပဲ၊ ပဲတီစိမ်း စိုက်ဧကမှာ ပဲစိုက်ပျိုးထုတ်လုပ်မှု၏ (၇၀) ရာခိုင်နှုန်း နီးပါး ရှိကြောင်း ပဲအမျိုးမျိုးစိုက်ပျိုးလျက်ရှိသော်လည်း ဈေးကွက်တွင် အများဆုံးစားသုံးလျက် ရှိသော ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုတ်၊ စားတော်ပဲ၊ မြေပဲ၊ ထောပတ်ပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲလွန်း၊ ကောက်ညှင်းကူပဲ၊ ပဲကတ္တတီပါ၊ မြေထောက်ပဲတို့မှာ ပြည်တွင်းဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိပြီး ပြည်ပသို့အဓိကတင်ပို့နေသော မတ်ပဲကို စစ်ကိုင်းတိုင်းတွင် မိုးရာသီ ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် မိုးစပါးရိတ်သိမ်းပြီးချိန် ဆောင်းရာသီတွင် သီးထပ် သီးနှံအဖြစ် စိုက်ပျိုးလျက်ရှိပြီး မတ်ပဲစိုက်ပျိုးဧရိယာ၏ (၉၀) ရာခိုင်နှုန်းခန့်မှာ အောက်မြန်မာပြည်တွင် စိုက်ပျိုးလျက်ရှိပြီး ဧရာဝတီတိုင်းအတွင်းမှာလည်း မြို့နယ်အားလုံးနီးပါး မတ်ပဲစိုက်ဧက (၉၉၉၄၂၆) ကျော် စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ် တင်းပေါင်း သိန်း (၉၀) ဝန်းကျင် တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာ့လယ်ယာထွက်ကုန်ကဏ္ဍတွင် ပြည်ပဈေးကွက်အတွက် ဆန်စပါးပြီးလျှင် ပဲမျိုးစုံ သီးနှံမှာ ဒုတိယအမျိုးဆုံး တင်ပို့လျက်ရှိပြီး မတ်ပဲကို ပြည်တွင်း၌ ပဲပင်ပေါက်၊ ပဲဟင်း၊ ပရာကြော်၊ ပါပရာ၊ တိုရှည်၊ ပဲမုန့်တို့ပြုလုပ်ကာ အနည်းငယ်သာ စားသုံးမှုရှိပြီး အများအားဖြင့် ပြည်ပဈေးကွက် အကျိုးအမြတ်များစွာရရှိနေသောအတွက် စိုက်ပျိုးထုတ်လုပ်လျက် ဈေးကွက်ဝင်သီးနှံ ဖြစ်ပါသည်။ မတ်ပဲသည်ပူနွေး၍ ခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အပူချိန်မြင့်မားခြင်းကို ခံနိုင်ရည်ရှိသည့်အတွက် နေရောင်ခြည်ကောင်းစွာရရှိ၍ အပူချိန် (၂၅) ဒီဂရီစင်တီ ဂရိတ်မှ (၃၅) ဒီဂရီစင်တီဂရိတ်အတွင်း ရှိသည့်ဒေသများနှင့် ရေငတ်ဒဏ်ခံနိုင်ရည် ရှိသည့် အတွက် တစ်နှစ်မိုးရေချိန် (၃၆) လက်မ အောက်ရွာသွန်းသည့် ဒေသများတွင် အောင်မြင်ဖြစ်ထွန်းလျက် မိုးများသောဒေသများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြပြီး၊ ရာသီဥတုမိုးရေချိန်နှင့် အပူချိန်များအရ မိုးရာသီ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းမိုးများသော အောက်ပိုင်းဒေသများတွင် မတ်ပဲကို မိုးနှောင်းနှင့် ဆောင်းဦးတွင်သာ စိုက်ပျိုးပြီး ဆောင်းနှောင်းနှင့် နွေဦးရာသီတွင် ရိတ်သိမ်းကြပါသည်။ မတ်ပဲကို မြေသားနု၍ ရေမဝပ်သော မြေတွင်စိုက်ပျိုးနိုင်ပြီး မြေစေးကို ကြိုက်နှစ်သက်၍ အသင့်တော်ဆုံး အထွက်နှုန်းရရှိရန် မြေနီ(သို့မဟုတ်) သဲသမမြေ၊ လယ်မြေကဲ့သို့ မြေများတွင်လည်း စိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
