ထိုင်းနိုင်ငံဆန်တင်ပို့မှုနှစ်စဉ်ရည်မှန်းချက်ပြည့်မီနိုင်

Powered by Drupal

          လွန်ခဲ့သည့်နှစ်ထက်တန်ဖိုး ၄၀ ရာခိုင်နှုန်းကျဆင်းသော်လည်း ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၇.၅ သန်း ပြည့်မီနိုင်သည့်လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းက ပြောကြားခဲ့ပါသည်။ အသင်း၏ဂုဏ်ထူး ဆောင်ဥက္ကဌဖြစ်သူ Chookiat Ophaswongse က ယခုနှစ်၏ ပထမ ၉ လတွင် နိုင်ငံသည် ဆန်တန်ချိန် ၅.၉ သန်းတင်ပို့ခဲ့ပြီး နှစ်စဉ်ပို့ကုန်ရည်မှန်းချက်ပြည့်မီရန် ယခုနှစ်၏ စတုတ္ထ ၃ လ ပတ်ကာလတွင် တစ်လလျှင်ပျမ်းမျှ တန်ချိန် ၅၀၀၀၀၀ ကျော်တင်ပို့ရန်လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။ အကယ်၍ထိုင်းသည် ထိုကာလအတွင်း တစ်လလျှင်တန်ချိန် ၆၀၀၀၀၀ တင်ပို့နိုင်ပါက စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၈ သန်းအထိရောက်ရှိနိုင်ကြောင်း သိရပါသည်။ သို့သော် ရောင်းလို အားများပြားသော်လည်း ဝယ်လိုအားကျဆင်းမှုကြောင့် ယခုနှစ်ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၄ ခုနှစ်ကထက်ဆိုးရွားနိုင်ကြောင်း သိရပါသည်။ ဒေသတွင်းအဓိကဆန်တင်သွင်းသူများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် ပြည်တွင်းထုတ်လုပ်မှုလုံလောက်မှုနှင့် ပြည်တွင်းဆန်ဈေးကွက် များတည်ငြိမ်ရန်လိုအပ်သောကြောင့် ၎င်းတို့၏တင်သွင်းမှုများကို ရပ်တန့်ထားကြောင်း သိရပါသည်။ ဖိလစ်ပိုင်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၃၀၀၀၀၀ တင်သွင်းရန်စီစဉ်ခဲ့သော်လည်း ယခုအခါဖေဖော်ဝါရီလမှ ဧပြီလထိ ၃ လတင်သွင်းမှုပိတ်ပင်ခဲ့ကြောင်း သိရပါသည်။ ထိုအချက်များသည် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများကျဆင်းမှုကိုဖြစ်ပေါ်စေခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ ၅% ဆန်ဖြူသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀၊ မြန်မာဆန်က အမေရိကန်ဒေါ်လာ ၃၁၀၊ ပါကစ္စတန်ဆန်က အမေရိကန်ဒေါ်လာ ၃၃၀၊ အိန္ဒိယဆန်က အမေရိ ကန်ဒေါ်လာ ၃၃၀ နှင့် ဗီယက်နမ်ဆန်က အမေရိကန်ဒေါ်လာ ၃၆၀ ဈေးနှုန်းရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည်ဆန်တန်ချိန် ၆.၈ သန်းတင်ပို့ခဲ့ပြီး အိန္ဒိယက တန်ချိန် ၁၈ သန်းတင်ပို့ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ယခုနှစ်တွင် တန်ချိန် ၂၂-၂၃ သန်းနှင့် ဗီယက်နမ်သည် တန်ချိန် ၈.၅ သန်းတင်ပို့ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုင်းဆန်သည် ၂၀၂၄ ခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှအမေရိကန်‌ဒေါ်လာ ၅၀၀ မှ ယခုနှစ်တွင် အမေရိကန် ‌ဒေါ်လာ ၃၄၀ ပတ်လည်အထိကျဆင်းခဲ့ကြောင်း သိရပါသည်။ Mr Chookiat က ထိုင်း hom mali ဆန်နှင့် ပေါင်းဆန်တို့သည် ယခုနှစ်တွင် စွမ်းရည်ကောင်းနေကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်ဈေးကွက်တွင် ထိုင်း hom mali ဆန်အတွက် ဝယ်လိုအားကောင်းနေပြီး ဝယ်ယူသူများသည် ထရမ့်အကောက်ခွန်သက်ရောက်မှုအလားအလာကိုစိုးရိမ်မှုကြောင့် ဝယ်ယူစုဆောင်းနေကြောင်း သိရပါသည်။ အမေရိကန်သည် နှစ်စဉ်ထိုင်းနိုင်ငံထံမှ ဆန်တန်ချိန် ၈၃၀၀၀၀ တင်သွင်းပြီး ထိုပမာဏထဲမှ တန်ချိန် ၆၅၀၀၀၀ သည် hom mali ဆန်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၉.၉၅ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်‌ဒေါ်လာ၆.၄၃ သန်း ရရှိခဲ့ကြောင်း သိရှိရပါသည်။

Bangkok Post 

DOCA (ရန်ကုန်)