မလေးရှားစားအုန်းဆီကောင်စီ (MPOC) က စားအုန်းဆီကြမ်းဈေးနှုန်းသည် ဇီဝဒီဇယ် ဝယ်လိုအားနှင့် တင်ပို့နိုင်ရန်လိုအပ်သော ကုန်လက်ကျန်ပမာဏ မသေချာမရေရာမှုများကြောင့် တစ်တန်လျှင် မလေးရှားရင်းဂစ် ၄,၄၀၀ အထက်တွင် တည်ငြိမ်နေမည်ဟု အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့ကြောင်း မလေးရှားနိုင်ငံအခြေစိုက် The Star Online သတင်း ဌာနက ဖော်ပြပါသည်။
အာဂျင်တီးနားနိုင်ငံမှ ပဲပုပ်ဆီ ရောင်းလိုအား တင်းကျပ်ခြင်းနှင့် အင်ဒိုနီးရှား၏ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောနှောအသုံးပြုမည့် ဇီဝဒီဇယ် (B50) ထုတ်လုပ်ပိုင်ခွင့်၏ သိုလှောင်မှုပမာဏ အပေါ် သက်ရောက်မှုအား စိုးရိမ်ပူပန်မှုဖြစ်ပေါ်ခြင်းတို့က စားအုန်းဆီဈေးနှုန်းကို အထောက်အကူ ဖြစ်စေသည်ဟု MPOC က ထုတ်ပြန်ပါသည်။ သို့သော် ရေနံစိမ်းဈေးနှုန်းကျဆင်းမှု၊ တရုတ်နှင့် အိန္ဒိယတို့ကဲ့သို့ အဓိကဈေးကွက်များတွင် ဟင်းသီးဟင်းရွက်ဆီ သိုလှောင်မှုမြင့်မားမှု၊ အမေရိကန် - တရုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် ပဲပုပ်သိုလှောင်မှုလက်ကျန် မြင့်တက်လာခြင်းတို့ကြောင့် ဆက် လက် သတိပြုရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ မေလတွင် အမေရိကန် ပဲပုပ် တင်သွင်းမှုကို ရပ်ဆိုင်းခဲ့ပြီး ယခုအခါ တောင်အမေရိကမှ အဓိကဝယ်ယူနေသောကြောင့် အမေရိကန်၏ ပဲပုပ်သိုလှောင်မှု လက်ကျန်များသည် ပြီးခဲ့သည့်လ ရိတ်သိမ်းချိန်မှစတင်၍ တိုးမြင့်လာကြောင်း၊ အမေရိကန်၏ ၂၀၂၆ ခုနှစ်တွင် ပဲပုပ်ဆီ ၄၅ ရာခိုင်နှုန်း ရောစပ်အသုံးပြုမည့် ဇီဝလောင်စာဆီ (45Z) ထုတ်လုပ် မည့် မူဝါဒအရ ပြည်တွင်း၌ ကြိတ်ခွဲထုတ်လုပ်မှုအားကောင်းလျက် ပဲပုပ်ဆီစားသုံးမှု မြင့်မားနိုင် မည်ဟု မျှော်မှန်းထားပြီး ပြည်တွင်း၌ ထုတ်လုပ်သည့် အစားအစာတွေကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ခြင်းဆိုသည့်အချက်က တရုတ်နိုင်ငံသို့ ပဲပုပ်တင်ပို့မှု သိသိသာသာ ကျဆင်းခြင်းကို ဖြစ် စေနိုင်သည့်အချက်များဟု ယူဆရအောင် လုံလောက်မှု မရှိပါကြောင်း MPOC က ဆက်လက်ပြော ကြားခဲ့သည်။
ပြည်တွင်းဇီဝလောင်စာလိုအပ်ချက်ကြောင့် အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့မှ တင်ပို့နိုင် သော ပဲပုပ်ဆီ ရောင်းလိုအားမှာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တန်ချိန် ၂.၇ သန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တန်ချိန် ၁.၆ သန်းထိ ကျဆင်းနိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁ ရာခိုင်နှုန်းခန့် ကျဆင်း နိုင်သောကြောင့် လာမည့်ရာသီတွင် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားသည် နေကြာဆီ အပေါ် များစွာ မှီခိုအားထားရဖွယ်ရှိနိုင်မည်ဟု MPOC က ခန့်မှန်းပြောဆိုသည်။
၂၀၂၅ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကမ္ဘာ့ဈေးကွက်တွင် လျှော့ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် စားအုန်းဆီသည် ပဲပုပ်ဆီထက် ဈေးနှုန်းမြင့်တက်ကာ ပရီမီယံ အဆင့်သို့ တစ်ဖန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းနှင့် ယခုအောက်တိုဘာလလယ်တွင် စားအုန်းဆီ ဈေးနှုန်းသည် ဥရောပနှင့် အိန္ဒိယရှိ ပဲပုပ်ဆီထက် တစ်တန်လျှင် ၄၂ ဒေါ်လာနှင့် ၂၆ ဒေါ်လာ အသီးသီး ဈေးနှုန်းပိုမိုမြင့်မားခဲ့ကြောင်း သိရသည်ကို The Star Online သတင်းဌာန၏ ဖော်ပြ ချက်အား တင်ပြအပ်ပါသည်။
Source: The Star Online, 21st Oct 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
