တရုတ်နိုင်ငံ၏ တင်ပို့မှုရပ်ဆိုင်းခြင်းက အိန္ဒိယပြည်တွင်း၌ ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တက်စေ

Powered by Drupal

      တရုတ်နိုင်ငံသည် ယူရီးယားနှင့် အထူးဓာတ်မြေဩဇာများ တင်ပို့ခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့မှစတင်၍ ဆိုင်းငံ့ခဲ့ရာ အိန္ဒိယပြည်တွင်း၌ အဓိကသီးနှံစိုက်ပျိုးကာလဖြစ်သော ဆောင်းသီးနှံရာသီမတိုင်မီ ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာကြောင်း ချန်နိုင်းမြို့ အခြေ စိုက် The Federal အိန္ဒိယသတင်းဌာနက ဖော်ပြပါသည်။

     တရုတ်နိုင်ငံသည် စစ်ဆေးကြပ်မတ်မှုများ တိုးမြှင့်လုပ်ဆောင်မှုနှင့်အတူ လွန်ခဲ့သော ၅ လ အကြာ မေလ ၁၅ ရက်နေ့မှစတင်၍ ဓာတ်မြေဩဇာတင်ပို့ခြင်းကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီကာလအထိ တင်ပို့မှုထပ်မံဆိုင်းငံ့ ခဲ့သဖြင့် အိန္ဒိယကိုသာမက ကမ္ဘာ့ဈေးကွက်အပေါ် သက်ရောက်မှုဖြစ်စေခဲ့သည်။

 ထိုကဲ့သို့ တင်ပို့မှု ရပ်ဆိုင်းရာတွင် နည်းပညာသုံး မိုနိုအမိုနီယမ်ဖော့စဖိတ် (Technical Monoammonium Phosphate  ̶  TMAP) ကဲ့သို့သော အထူးဓာတ်မြေဩဇာများနှင့် AdBlue ကဲ့သို့ သော ယူရီးယား ပျော်ဝင်ပစ္စည်းထုတ်ကုန်များအပြင် သမားရိုးကျ ဓာတ်မြေဩဇာများဖြစ်သည့် ဒိုင်အမိုနီယမ်ဖော့စဖိတ် (DAP) နှင့် ယူရီးယားတို့ ပါဝင်ကြောင်း သိရသည်။

   အိန္ဒိယ ဓာတ်မြေဩဇာလုပ်ငန်းရှင်များအသင်း (SFIA) မှ ဥက္ကဋ္ဌ Rajib Chakraborty က တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းသို့ ဓာတ်မြေဩဇာတင်ပို့မှုကို အောက်တိုဘာ ၁၅ ရက်နေ့၌ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ရှေ့လာမည့် ၅ လမှ ၆ လခန့်အထိ ကြာမြင့်မည်ဟု ယူဆရကြောင်း PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။

 အိန္ဒိယနိုင်ငံအနေဖြင့် TMAP နှင့် AdBlue တို့အပါအဝင် ၎င်းလိုအပ်သော အထူးဓာတ်မြေ ဩဇာများ၏ ၉၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံထံမှ ရယူတင်သွင်းလျက်ရှိသည်။ အိန္ဒိယသည် နှစ်စဉ် အထူးဓာတ်မြေဩဇာများ တန်ချိန် ၂၅၀၀၀၀ ခန့်ကို တင်သွင်းလျက်ရှိပြီး ၎င်းအနက် ၆၀ မှ ၆၅ ရာခိုင်နှုန်းခန့်ကို အောက်တိုဘာမှ မတ်လအတွင်း စိုက်ပျိုးသည့် ဆောင်းသီးနှံရာသီ၌ အသုံးပြု ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ တင်ပို့မှုရပ်ဆိုင်းခြင်းကြောင့် ပုံမှန်ထက် ဈေးနှုန်းမြင့်မားနေခဲ့သော အထူးဓာတ်မြေဩဇာများ၏ ဈေးနှုန်းများသည် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက် လာနိုင်သည်ဟု Mr. Chakraborty က ပြောထားသည်။

  ဓာတ်မြေဩဇာလုပ်ငန်းနယ်ပယ်မှ အစိုးရအရာရှိများကမူ ဈေးနှုန်းများအပေါ်သက်ရောက် မှုရှိမည် ဖြစ်သော်လည်း ရှေ့လာမည့် ဆောင်းသီးနှံရာသီအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်မှာ ပြဿနာမရှိကြောင်း၊ ကုန်သည်များသည် ကမ္ဘာအရပ်ရပ်ရှိ ကုန်သွယ်ရေးအေဂျင်စီများထံမှ ရယူ ဖြည့်တင်းထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

  ရှေ့လာမည့် ဆောင်းသီးနှံရာသီတွင် စိုက်ပျိုးရေရရှိနိုင်မှုအပေါ် မူတည်၍ သီးနှံစိုက်ပျိုးမှုကို ၂၀၂၆ မတ်လအထိ တိုးချဲ့ရဖွယ်ရှိသဖြင့် အကယ်၍ မတ်လနောက်ပိုင်း၌ တရုတ်နိုင်ငံဘက်မှ ဓာတ်မြေဩဇာတင်ပို့မှုကို ဆက်လက်တားမြစ်ခဲ့ပါက စိုးရိမ်ဖွယ်ရှိမည်ဖြစ်ကြောင်း၊ အိန္ဒိယ အနေ ဖြင့် တောင်အာဖရိက၊ ချီလီနှင့် ခရိုအေးရှားတို့ အပါအဝင် အခြားသော ဓာတ်မြေဩဇာ ပေးသွင်း သည့် အရင်းအမြစ်များ ရှိထားပြီးဖြစ်ကြောင်း၊ သို့သော် ၎င်းတို့ထံမှ ထုတ်ကုန် တစ်မျိုး သို့မဟုတ် နှစ်မျိုးမျှကိုသာ ရရှိနိုင်ကြောင်း Mr. Chakraborty က ပြောကြားခဲ့သည်။

Source: The Federal, 21 Oct 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)