ADB နှင့် Techo Startup Center တို့သည် ကမ္ဘောဒီးယားတွင် MSME ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်ရန် အစပျိုးလုပ်ဆောင်

Powered by Drupal

     အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ Techo Startup Center တို့သည် အရှေ့တောင်အာရှနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (MSMEs) ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်အတွက် Digital Adoption Initiative (DAI) ကို ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၉-၉-၂၀၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ DAI သည် ရာနှင့်ချီသော ကမ္ဘောဒီးယား MSMEs လုပ်ငန်း များကို ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း ဒစ်ဂျစ်တယ်နည်းပညာများ လက်ခံကျင့်သုံးနိုင်ရန် ကူညီပေးမည်ဖြစ်ပြီး ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးမည် ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်သည် ခရီးသွားလုပ်ငန်းမှစတင်ကာ နှစ်စဉ် အဓိကလုပ်ငန်းကဏ္ဍ တစ်ခုအား အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ အဆိုပါအစီအစဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းမူဝါဒမူဘောင် ၂၀၂၁-၂၀၃၅ နှင့်အညီ တက်ကြွသောဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းကိုတည်ဆောက်ရန် ကမ္ဘောဒီးယား၏ပိုမိုကျယ်ပြန့်သောကြိုးပမ်းမှု၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။ ဒစ်ဂျစ်တယ်အသုံးပြုခြင်း အစပျိုးမှုသည် MSMEs များအား ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ဒစ်ဂျစ်တယ်ဖြေရှင်းနည်းများ ပေါင်းစပ်ရန် ပံ့ပိုးပေးမည် ဖြစ်ပြီး ၎င်းတို့ကို ပိုမိုယှဉ်ပြိုင်နိုင်စေကာ ခံနိုင်ရည်ရှိပြီး အနာဂတ်အတွက် အဆင်သင့် ဖြစ်လာစေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ ဒါရိုက်တာ Jyotsana Varma က ပြောကြားခဲ့သည်။ Techo Startup Center နှင့် စက်မှု လုပ်ငန်းအသင်းအဖွဲ့များနှင့် နီးကပ်စွာလုပ်ဆောင်ခြင်းဖြင့် ကမ္ဘောဒီးယား လုပ်ငန်းများသည် ဒစ်ဂျစ်တယ်စီးပွားရေးတွင် အားကောင်းစေရန် ရည်ရွယ်ထားကြောင်း Varma က ထပ်လောင်း ပြောကြားခဲ့သည်။ Techo Startup Center ၏ အမှုဆောင်ဒါရိုက်တာ Nguonly Taing က အဆိုပါ စီမံချက်သည် ကမ္ဘောဒီးယား MSMEs များကို ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပိုမိုအားကောင်းလာစေရန်အတွက် လက်တွေ့ကျသောအရာများကို ပေးဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times                                                                                   

DOCA(  ရန်ကုန်)