
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စက်မှုဇုန်၊ အမှတ်(၁၂)ရပ်ကွက်ရှိ Grain & Edible Oil Co., Ltd (GEOS) ၏ ပြောင်းအခြောက်ခံစက်ရုံနှင့် ပြောင်းမျိုးစေ့ထုတ်လုပ်သည့်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူနှင့် ဝန်ထမ်းများမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စက်ရုံအဆောက်အဦအား တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ယခုလို ပြောင်းအခြောက်ခံစက်ရုံကို တည်ဆောက်နိုင်ပြီဖြစ်၍ နိုင်ငံရဲ့ထွက်ကုန်တွေကို ကုန်ကြမ်းအစား ကုန်ချောများအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ပြီး ဝင်ငွေများများရမှာဖြစ်ကြောင်း၊ ဒါမှ မိမိတို့ သွားချင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အရင်းအမြစ်များစွာရှိသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ပြောင်းကို မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးသည့် ပြည်နယ်ဖြစ်သလို နှစ်စဉ်နှစ်တိုင်း ဒေသခံပြည်သူတွေအတွက် ဝင်ငွေ အများကြီးရရှိနေတဲ့ စိုက်ပျိုးရေးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပြည်နယ်အတွက်ကော နိုင်ငံအတွက်ကော ဖွံ့ဖြိုးတိုးတက်စေရန် များစွာအထောက်အကူဖြစ်စေတဲ့ စိုက်ပျိုးရေးလုပ်ငန်းသည် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူဖြစ်စေကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစုနှင့် ဧရာဝတီမျိုးစေ့ကုမ္ပဏီ CEO ဦးသတိုးဟိန်း မှ မြန်မာ့ဩဘာလုပ်ငန်းစု၏ ပြောင်းအခြောက်ခံစက်ရုံနှင့် သိုလှောင်ရုံများ၊ တောင်သူများနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ပြောင်းစိုက်ပျိုးခြင်း၊ ပြောင်းမျိုးစေ့ ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ အခမ်းအနားတွင် Grain & Edible Oils Co., Ltd မှ တာဝန်ရှိသူမှ စက်ရုံစီမံကိန်းနှင့်စပ်လျဉ်း၍ အမေရိကန်ဒေါ်လာ (၅)သန်းကျော်တန်ဖိုးရှိ အဓိကရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း၊ စက်ရုံသည် ပြောင်းအစိုတန်ချိန် (၈၀၀)၊ အခြောက်ခံပြီးသော ပြောင်းတန်ချိန် (၂၀၀၀၀)အထိ သိုလှောင်နိုင်ကြောင်း၊ ပြောင်းအခြောက်ခံစက်ရုံသည် တစ်လုံး (၁)နာရီလျှင် (၁၅)တန်နှုန်းဖြင့် အပူပေးရန်အတွက် သဘာဝပစ္စည်းများကို လောင်စာအဖြစ် အသုံးပြုခြင်း၊ ပြောင်းလုပ်ငန်းသာမက ဆီထွက်သီးနှံများအတွက်လည်း အခွင့်အလမ်းပိုမိုရရှိစေမှာဖြစ်ကြောင်း လုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါတယ်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့မှ စက်ရုံဝန်းအတွင်း လှည့်လှည်ကြည့်ရှု၍ အခမ်းအနားအား နံနက်(၁၀:၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)