
ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကွက်များသို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း မိုးရာသီအထွက်ဖြစ်သည့် မှိုအမျိုးအစားများ စတင်ဝင်ရောက်ရောင်းချလျက်ရှိရာ ဒေသခံများမှ ဝယ်ယူစားသုံးမှုများလျက်ရှိကြောင်း သိရသည်။ စျေးကွက်အတွင်း ရောင်းချနေသော မှိုများတွင် သဘာဝအတိုင်းခူးဆွတ်ရရှိသည့် တောမှိုများနှင့် စိုက်ပျိုးမှိုများဟူ၍ နှစ်မျိုးတွေ့ရှိရပြီး ငွေနှင်းမှုံမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ရှီတာကီမှိုနှင့် ဝါးမှိုအပါအဝင် အမျိုးအစားစုံလင်စွာ ရရှိနေသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ပုသိမ်စျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် မှိုအမျိုး အစားအလိုက် ပေါက်ဈေးနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်- ငွေနှင်းမှုံမှို - လက်ကားဈေး ၇,၀၀၀ ကျပ် မှ ၇,၅၀၀ ကျပ် / ပိဿာ၊ လက်လီဈေး ၈,၀၀၀ ကျပ် မှ ၉,၅၀၀ ကျပ် / ပိဿာ ၊ ကောက်ရိုးမှို - လက်ကားဈေး ၉,၀၀၀ ကျပ် မှ ၉,၅၀၀ ကျပ် / ပိဿာ၊ လက်လီဈေး ၁၀,၀၀၀ ကျပ် မှ ၁၁,၀၀၀ ကျပ် / ပိဿာ ၊ အပ်မှို - (အထုတ်သေး ၁၀ ခုပါ) လက်ကားဈေး ၃၀,၀၀၀ ကျပ် / ထုတ်၊ လက်လီဈေး ၃,၅၀၀ ကျပ် မှ ၄,၀၀၀ ကျပ် / အထုတ်ငယ် (တစ်ထုတ်) ၊ မှိုကြက်တောင် - လက်လီဈေး ၁၀,၀၀၀ ကျပ် မှ ၁၂,၀၀၀ ကျပ် / ပိဿာ ၊ ဝါးမှို - လက်လီဈေး ၈,၀၀၀ ကျပ် မှ ၉,၀၀၀ ကျပ် / ပိဿာ၊ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မှိုအထွက်နှုန်းကောင်းမွန်ပြီး ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်း များ အနည်းငယ်သက်သာနေကာ စျေးကွက်အတွင်း မှိုဝယ်ယူစားသုံးမှုလည်း သွက်လက်လျက်ရှိကြောင်း ဒေသခံ ဟင်းသီးဟင်းရွက်ကုန်သည်တစ်ဦးက ပြောကြားသည်။
ပုသိမ်မြို့နယ်အတွင်းသို့ ဝင်ရောက်နေသော မှိုများမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှရရှိသည့် ဒေသထွက်များသာဖြစ်ပြီး လတ်ဆတ်မှုရှိကာ အရည်အသွေးကောင်းမွန်သည်ဟု စားသုံးသူများက မှတ်ချက်ပြုကြကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)