
ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းမော်တော်ကားထုတ်လုပ်မှုသည် ရာသီဥတု မသာယာမှုများကြားတွင် သြဂုတ်လတွင် ၈ လဆက်တိုက်ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံ မော်တော်ကားထုတ်လုပ်သည့်ကုန်သည်များ (CAMPI) နှင့် ထရပ်ကားထုတ်လုပ်သူများ အဖွဲ့အစည်း (TMA) တို့၏ အချက်အလက်များအရ ၎င်းတို့၏ ရောင်းချမှုသည် ယခင်နှစ်တွင် ရောင်းချခဲ့သော ၃၉၁၅၅ စီးနှင့် နှိုင်းယှဥ်လျှင် ယခုနှစ်တွင် ၃၆၁၇၄ စီးခန့်သာရောင်းချနိုင်ခဲ့ပြီး ၇.၆ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ ခရီးသည်တင်မော်တော်ကား ရောင်းချမှု သည် ၂၀၂၄ ခုနှစ်တွင် ၉၅၂၉ စီးရောင်းချခဲ့ရာမှ ယခုနှစ် သြဂုတ်လတွင်၇၅၉၁ စီးသာ ရောင်းချနိုင် ခဲ့ကြောင်း သိရပါသည်။ လုပ်ငန်းသုံးကားရောင်းချမှုသည်လည်း ယခင်နှစ်တွင် ၂၉၆၂၆ စီးခန့် ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ၂၈၅၈၃ စီးသာရောင်းချနိုင်ခဲ့ပြီး ၃.၅ ရာခိုင်နှုန်းခန့် ကျဆင်း လာပါသည်။ သို့သော် လျှပ်စစ်ကားရောင်းချမှုသည် သြဂုတ်လတွင် ၂၂၄၄ စီးခန့်ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။ Rizal Commercial Banking ကော်ပိုရေးရှင်းမှ စီးပွားရေးလုပ်ငန်းရှင် အကြီးအကဲဆိုသူ Michael Ricafort က မော်တော်ကားများ ရောင်းချမှုလျော့နည်းလာခြင်းသည် တိုင်ဖုန်းမုန်တိုင်းနှင့် ရေကြီးမှုများကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလမှ သြဂုတ်လအတွင်းတွင် CAMPI နှင့် TMA ၏ မော်တော်ကား စုစုပေါင်းရောင်းချမှုသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဥ်လျှင် ၃၀၄၇၆၅ စီးမှ ၃၀၅၃၈၁ စီး အထိ ၀.၂ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ ၎င်းတို့၏ ခရီးသည်တင်ကားရောင်းချမှုသည် ယခင်နှစ်ကာလတွင် ၈၀၃၂၇ စီးရောင်းချဲ့ရာမှ ယခုနှစ်တွင် ၆၁၃၅၈ စီးရောင်းချ နိုင်ခဲ့ကာ ၂၃.၆ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်းနှင့် လုပ်ငန်းသုံးမော်တော်ယာဥ်ရောင်းချမှုသည် ယခုနှစ်တွင် ၂၄၄၀၂၃ စီးခန့်သာရောင်းချ နိုင်ခဲ့ပြီး ၈.၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ CAMPI နှင့် TMA တို့၏ လျှပ်စစ်ကား ရောင်းချမှုသည် ယခုနှစ်တွင် ၁၈၄၃၉ စီးခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။ Toyota Motor Philippines ကော်ပိုရေးရှင်းသည် ယခုကာလတွင် ၎င်း၏ ရှယ်ယာ ၄၇.၉၃ ရာခိုင်နှုန်း ပိုင်ဆိုင်မှုနှင့်အတူ စျေးကွက်တွင် ဦးဆောင်ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ၎င်းနောက်တွင် Mitsubishi Motors Philippines က ၁၈.၉၆ ရာခိုင်နှုန်း၊ Nissan Philippines က ၄.၉၆ ရာခိုင်နှုန်း၊ Ford Motor Philippines က ၄.၈၉ ရာခိုင်နှုန်းနှင့် Suzuki Philippines က ၄.၇၅ ရာခိုင်နှုန်း စသဖြင့် အသီးသီးရှယ်ယာများကို ကိုင်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
Source: Philstar
DOCA (ရန်ကုန်)