ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၅ခုနှစ်၊ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားတက်ရောက်

Powered by Drupal

   ပုသိမ်စက်တင်ဘာ     ၁၆ ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်  ၂၀၂၅ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ခဲ့ကြသည်။

   ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က   အိုဇုန်းလွှာကာကွယ်ရေးအတွက် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုဖြင့် ၁၉၈၅ ခုနှစ်၊ဩစတေးလျနိုင်ငံ၊ ဗီယင်နာမြို့မှာ အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone Layer) ကို ချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာအိုဇုန်းလွှာပျက်စီးစေသည့်  ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် (The Montreal Protocol on Substances that Deplete the Ozone Layer)ကို ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့မှာ ထပ်မံချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊  မွန်ထရီရယ်သဘောတူစာချုပ်ရဲ့ နောက်ဆုံးပြင်ဆင်ချက်ဖြစ်တဲ့ ကီဂါလီပြင်ဆင်ချက်ကတော့ လက်ရှိသုံးစွဲမှု လျှော့ချရပ်ဆိုင်းလျက် ရှိတဲ့ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (Hydrochloro fluorocarbons- HCFCs) အစားထိုးအသုံးပြုလျက်ရှိတဲ့ ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) ဖြစ်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိလာတဲ့အတွက် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) အသုံးပြုမှုကို လျှော့ချမှုနှင့်အတူ အိုဇုန်းလွှာထိခိုက်မှုမရှိစေတဲ့ Global Warming Potential မြင့်မားခြင်းမရှိတဲ့ အစားထိုးဒြပ်ပစ္စည်းတွေသုံးစွဲသောနည်းပညာမြင့် စက်ပစ္စည်းတွေ တီထွင်အသုံးပြုဖို့နှင့် စက်မှုကဏ္ဍတွေမှာလည်းစွမ်းအင်ချွေတာတဲ့ နည်းပညာတွေ ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့တို့ကို အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အဆိုပါ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အတည်ပြုခဲ့တဲ့ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနား တွေကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါကြောင်း၊ ယခု ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ From science to global action အိုဇုန်းလွှာ ကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး ဖြစ်ပါကြောင်း၊ ၎င်းဆောင်ပုဒ်၏ ဆိုလိုရင်းမှာ အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဖြေရှင်းရာတွင် သိပ္ပံပညာ၏ အရေးပါမှုကို မီးမောင်းထိုးပြသရန် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းတွေကို အစိုးရဌာနများ၊ တက္ကသိုလ်နှင့်အခြေခံပညာကျောင်းများ၊ ရပ်ကွက် နေပြည်သူများနှင့်ကျေးရွာများအထိ အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း ရေထု၊ လေထုအရည်အသွေးများအား လစဉ်တိုင်းတာ ဆောင်ရွက်လျက် ရှိပြီး ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ်များနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ်များအား ဆောင်ရွက်ခြင်း၊ စီမံကိန်း လုပ်ငန်းများကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် စိစစ်ကြပ်မတ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊  အိုဇုန်းလွှာပျက်စီးခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာရပ်ဖြစ်သည့်အတွက် လူသားများနှင့် ကမ္ဘာပေါ်ရှိသက်ရှိများ ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ မစ္စတာအန်တိုနီယိုဂူတာရက်စ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး မစ္စအင်ဂါအန်ဒါစန်၏ ဗီဒီယိုမက်ဆေ့ချ် နှင့်  ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅ခုနှစ်၊  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (ပထမ) နှင့် ပန်းချီပြိုင်ပွဲ (ပထမ) ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (ဒုတိယ) နှင့် ပန်းချီပြိုင်ပွဲ (ဒုတိယ)ဆုရရှိသူများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (တတိယ)နှင့် ပန်းချီပြိုင်ပွဲ (တတိယ) ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅၊ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသောပြခန်းများကိုလှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်းသိရသည်။

DOCA (ဧရာဝတီ)