ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသော ဆီထွက်သီးနှံမြေပဲ

Powered by Drupal

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအခြေခံထား၍ လုပ်ကိုင်ပြီး စိုက်ပျိုးရေး ထွန်းကားရာ နိုင်ငံဖြစ်ပြီး နှစ်စဉ် စပါး၊ ကြက်သွန်၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ နှင့် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်ကြပြီး သီးနှံမျိုးစုံအနက်မှ ဆီထွက်သီးနှံမြေပဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့သည် အဓိက အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း နှစ်စဉ်စိုက်ပျိုးလျက်ပါရှိသည်။ မြေပဲသီးနှံသည် ရေ၊ မြေ၊ ရာသီဥတု ကွဲပြား ခြားနားသော အခြေအနေအမျိုးမျိုးမှာ ဖြစ်ထွန်းနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ ရာသီအလိုက်၊ ဒေသအလိုက်၊ (၁)ဧက မြေပဲအထွက်နှုန်းမှာ ကွဲပြားခြားနားမှုရှိသည်။ ဆီထွက် သီးနှံမြေပဲကို စိုက်ပျိုးရာတွင် (မိုးကြို)မြေပဲ၊ (မိုး)မြေပဲ၊ (မိုးနှောင်း) သီးထပ်မြေပဲ၊ ကိုင်းကျွန်း မြေပဲတို့ကို ရာသီအလိုက် စိုက်ပျိုးကြပြီး ပင်ထောင်/ပင်ပြန့် မြေပဲ နှစ်မျိုးနှစ်စား စိုက်ပျိုး ကြသည်။ ပင်ထောင်မြေပဲကို တန်းကြား(၁၅)လက်မ၊ ပင်ကြား(၄)လက်မထား၍ စိုက်ပျိုးသည်။ (ပင်ပြန့်) မြေပဲကို တန်းကြား(၁၈) လက်မ၊ ပင်ကြား(၄)လက်မထား၍ စိုက်ပျိုးကြသည်။ စိုက်ပျိုး ရာတွင် မြေအမျိုးအစားအနေဖြင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် မြစ်ရေဝင်ပြီး ကိုင်း/ကျွန်းမြေ၊ သဲနုန်းမြေ တွင်စိုက်ပျိုးပါက အထွက်နှုန်း ကောင်းမွန်ပြီး ကုန်းတွင်းပိုင်း ယာမြေများတွင် စိုက်ပျိုးပါက ရာသီ ဥတုမီပြီး မိုးရေအားထား၍ စိုက်ပျိုးရခြင်းဖြစ်သောကြောင့် အထွက်နှုန်းမှာ သင့်တင့်မျှတမှုသာ ရှိသည်။ ကိုင်း/ကျွန်း သဲနုန်းမြေ အမျိုးအစားသည် မြေပဲစိုက်ပျိုးရန် အသင့်တော်ဆုံး မြေဖြစ်သည်။ (၁)ဧကလျှင် မြေပဲပင် ဦးရေ(၁)သိန်းဝင်ဆန့်ပြီး အပင်ပေါက် စုံလင်အောင် စိုက်ပျိုးနိုင်မှသာ အထွက်နှုန်းတိုးမည်ဖြစ်သည်။

        မြေပဲမျိုးရွေးချယ်စိုက်ပျိုးရာတွင် အထွက်ကောင်းမျိုးများဖြစ်သော ဆင်းပဒေသာ ၅/၆/၇/၈/ ၉/၁၀ နှင့် မကွေး ၁၁/၁၅ မျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ပင်ပေါက် (၈၀%) အထက် အပင်ပေါက်စုံလင်စေရန်နှင့် အပင်ပေါက်သန်မာစေရန် မြေပဲစေ့ မျိုးကောင်းမျိုးသန့်ကို စနစ်တကျ ရွေးချယ်စိုက်ပျိုးရန် လိုအပ်သည်။ မစိုက်ပျိုးမီ (၁)ပတ်အလိုတွင် မြေပဲဆံကို သေးလွန်း/ ကြီးလွန်းသောအစေ့၊ မှိုတက်နှင့် အခွံကျွတ်ပါသော အစေ့များကို ရွေးချယ်ဖယ်ထုတ်ပြီး မြေပဲဆံ အရွယ်ညီ လုံးကောင်းများကိုသာ စိုက်ပျိုးသည်။ မြေတွင်းပိုး ဖျက်ဆီးမှုအန္တရာယ်မှ ကင်းဝေးစေပြီး အပင်ပေါက်စုံလင်စေရန်အတွက် မြေတွင်းဆေးမှုန့်လူးနှယ်ပြီးမှ စိုက်ပျိုး ကြသည်။

      ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံထား၍ လုပ်ကိုင်သောဒေသဖြစ်ပြီး နှစ်စဉ် ကြက်သွန်နီအပြင် ဆီထွက်သီးနှံမြေပဲကို စိုက်ဧကမများသော်လည်း တပိုင်တနိုင် စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် (မိုး)မြေပဲနှင့် (ဆောင်း)မြေပဲဟူ၍ ရာသီအလိုက်စိုက်ပျိုးသည်။ (မိုး)မြေပဲကို ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး ကုန်းယာမြေအမျိုးအစားတွင် စိုက်ပျိုးသည်။ (ဆောင်း)မြေပဲကို စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း စိုက်ပျိုးပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက် ကိုင်းကျွန်းမြေ အမျိုး အစားတွင် စိုက်ပျိုးသည်။ စိုက်ပျိုးရာတွင် မကွေး(၁၁)ပင်ထောင်ပဲလေး အမျိုးအစားကို အများဆုံး စိုက်ပျိုးကြသည်။ (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် (မိုး)မြေပဲကို စိုက်ဧက(၁၀၀)ဝန်းကျင် ခန့်သာ စိုက် ပျိုးသည်။ (ဆောင်းစိုက်)မြေပဲကို စိုက်ဧက(၃၀၀၀)ကျော်ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။ ယခု(၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ကုန်းယာမြေစိုက် (မိုး)မြေပဲများကို စိုက်ဧက(၇၀)ခန့်သာ စိုက်ပျိုးကြောင်း၊ ယခင်နှစ်ထက် စိုက်ဧကလျော့နည်းသွားကြောင်း သိရှိရသည်။ (မိုး)မြေပဲ စိုက်ပျိုးရာတွင် ရေသွင်း စိုက်ပျိုးခြင်းမဟုတ်ဘဲ မိုးရေကိုသာ မှီ၍ စိုက်ပျိုးရခြင်းဖြစ်သည်။

   မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်ရှိပြီး မိုးနည်းရပ်ဝန်းဒေသဖြစ်၍ မိုး ရေချိန် ပျမ်းမျှလက်မ(၄၀)ခန့်သာ ရှိသည်။ တစ်နှစ်လျှင် မိုးရွာရက်(၂)လခန့်သာရှိ၍ မိုးရွာရက် နည်းပါးသည်။ ဆိပ်ဖြူမြို့နယ်သည် မိုးနည်းရပ်ဝန်းဒေသဖြစ်ပြီး (မိုး)မြေပဲစိုက်တောင်သူများသည် မိုးရေကိုသာအဓိကထား စိုက်ပျိုးရခြင်းဖြစ်သောကြောင့် ရာသီဥတု ဖောက်ပြန်သောနှစ်များတွင် သီးနှံအထွက်နှုန်းနည်း၍ တောင်သူများ အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ (မိုး)မြေပဲ စိုက်တောင်သူ များအနေဖြင့် ယခင်နှစ်များက မြေပဲစိုက်ပျိုးရာတွင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ရရှိသော ဝင်ငွေမှာ မမျှတ၍ ယခုနှစ်တွင် (မိုး)မြေပဲစိုက် တောင်သူများ ယခင်နှစ်ထက် စိုက်ဧက လျော့နည်း ကြောင်းသိရှိရသည်။

    ဆိပ်ဖြူမြို့နယ်ရှိ ကုန်းယာမြေ (မိုး)မြေပဲစိုက်တောင်သူများသည် (၂၀၁၅)ခုနှစ်မှ (၂၀၂၀)ခုနှစ် ထိ (မိုး)မြေပဲ စိုက်ပျိုးရာတွင် ရာသီဥတုမမှန်ကန်ခြင်း၊ မြေပဲအထွက်နှုန်း နည်းပါးခြင်း၊ ဈေးကွက် မခိုင်မာခြင်း၊ အလုပ်သမားစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရသော်လည်း နှစ်စဉ်မပြတ် စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ ယခင်နှစ်များက တောင်သူ တစ်ဦးလျှင် (မိုး)မြေပဲစိုက်(၂)ဧက မှ (၅)ဧကအထိ (မိုး)မြေပဲသီးနှံကို အဓိကအားထား စိုက်ပျိုး ခဲ့ကြသည်။ ယခုအချိန် တွင် စိုက်တောင်သူနှင့်စိုက်ဧက(%)တဖြည်းဖြည်းလျော့နည်းသွားပြီး မြေပဲအစား ကုန်ကျစရိတ်သက်သာသော နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ နေကြာ၊ ပြောင်းဖူး တို့ကိုပြောင်းလဲ စိုက်ပျိုးလာကြသည်။

          မြေပဲစိုက်တောင်သူများသည် ကုန်းယာမြေများတွင် (မိုး)မြေပဲများကို နှစ်စဉ် ဇွန်လနှင့်ဇူလိုင် လတွင် စတင်စိုက်ပျိုးကြသည်။ ယခုနှစ်တွင် ရာသီဥတု မမှန်ကန်ခြင်းကြောင့် မိုးရွာသွန်းချိန် နောက်ကျ၍ မြေပဲစိုက်ပျိုးချိန် နောက်ကျခဲ့ပြီး ဩဂုတ်လ(ပထမ)ပတ်အတွင်းမှ စတင်စိုက်ပျိုးကြရ သည်။ ဆိပ်ဖြူမြို့ ရွာသစ်၊ အမှတ်(၄)ရပ်ကွက်ရှိ တောင်သူများသည် ကုန်းယာမြေ (မိုး)မြေပဲစိုက် တောင်သူ များပြားပြီး စိုက်တောင်သူ(၂၅)ဦး၊ စိုက်ဧက(၄၀)ခန့် စိုက်ပျိုးထားရှိသည်။ ယခုနှစ်တွင် ရွာသစ်ရပ်ကွက်ရှိ၊ (မိုး)မြေပဲစိုက်တောင်သူ ဦးမြင့်သည်(၃)ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရ သည်။ ယခင်နှစ်တွင်          (၅)ဧကခန့် စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးထားရှိမှု လျော့နည်းသွား ကြောင်း၊ မြေပဲမျိုးကို မကွေး(၁၁)သုံးလပဲ (ပင်ထောင်)အတောင့်သေးမျိုးကို စိုက်ပျိုးကြသည်။ (မိုး) မြေပဲစိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ စိုက်ပင်သက်တမ်း(၃)လခန့် ကြာမြင့်သည်။ စိုက်ပျိုးရာ တွင် (၁)ဧကလျှင် မြေပဲမျိုးစေ့(၁)တင်း(၈)ပြည်ကုန်ကျပြီး (၃)ဧကစိုက်ပျိုးထား၍ (၄)တင်း (၈)ပြည် ခန့် ကုန်ကျပြီး မျိုးစေ့(၁)တင်းလျှင် (၇)သောင်းကျပ်ဖြင့် မိမိဒေသထွက်မျိုးကို ဝယ်ယူစိုက်ပျိုးထားရှိကြောင်း၊ ယခင်နှစ် (မိုး)မြေပဲစိုက်ပျိုးချိန်တွင် မြေပဲမျိုးစေ့(၁)တင်းလျှင် (၄၈၀၀၀)ကျပ်ဖြင့် ဝယ်ယူ စိုက်ပျိုးကြသည်။ မြေပဲမျိုးစေ့ဈေးနှုန်းမှာ ယခင်နှစ်ထက် သိသိသာသာ မြင့်တက်လျက်ရှိသည်။

  (မိုး)မြေပဲစိုက်ပျိုးရာတွင် မစိုက်ပျိုးခင် မြေကိုညီညာအောင် ပြုပြင်ပြီး ထွန်ရေးညက်အောင် ပြုလုပ်ဆောင်ရွက်ရသည်။ မစိုက်ပျိုးခင် ထွန်းရှဉ်းဖြင့် အဖြောင့်ကြောင်းဆွဲပြီး စိုက်ပျိုးကြသည်။ အချို့စိုက်တောင်သူများမှာ ကုန်ကျစရိတ်သက်သာစေရန်အတွက် မျိုးစေ့ဖြူးချစနစ်ဖြင့် စိုက်ပျိုးကြ သည်။ ယခုနှစ်တွင် တောင်သူ ဦးမြင့်မှာ ဖြူးချစနစ်ဖြင့် မစိုက်ပျိုးဘဲ အလုပ်သမားငှားရမ်းပြီး (၁)ဧကလျှင် (၈)ဦး၊ (၃)ဧကစိုက်ပျိုးထားရှိ၍ အလုပ်သမား(၂၄)ဦး၊ လုပ်အားခတစ်မနက်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ငှားရမ်းစိုက်ပျိုးသည်။ မျိုးစေ့ကျဲပက်စိုက်ပျိုးခြင်းမှာ ထွန်ကြောင်းအတွင်းတွင် အပေါ်ယံဖြူးချ စိုက်ပျိုးခြင်းဖြစ်သည်။ အလုပ်သမားမငှားရမ်းသောကြောင့် ကုန်ကျစရိတ်သက်သာ သော်လည်း အပင်ပေါက်မစုံလင်ခြင်း၊ မျိုးစေ့ကုန်ကျမှု များပြားခြင်းအပြင် စိုက်ပျိုးချိန်တွင် မြေအစို ဓါတ် ဖွယ်နေပါက အစေ့အပေါ်ယံဖြူးစိုက်ပျိုးခြင်းဖြစ်၍ နောက်မိုးကပ်၍ မလိုက်ပါက အပင်ပေါက် မစုံလင်ခြင်းဖြစ်၍ မြေပဲအထွက်နှုန်း များစွာနည်းသွားပြီး စိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်ကြုံ တွေ့ကြရသည်။ ယခုနှစ်တွင် တောင်သူအများစုမှာ အလုပ်သမားငှား၍ စိုက်ပျိုးကြကြောင်း သိရှိရသည်။

   (မိုး)မြေပဲစိုက် (၁)ဧကလျှင် ပျမ်းမျှအထွက်တင်း(၂၅)မှ(၃၅)ထိ ထွက်ရှိပြီး တောင်သူဦးမြင့်မှ (၃)ဧကခန့် စိုက်ပျိုးထားရှိ၍ ယခုနှစ်တွင် စိုက်ပျိုးချိန်မှစတင်ပြီး အပွင့်ညိုး၍ မြေပဲစွယ်ထောက်ချိန် အထိ မိုးရွာသွန်းမှု ဆက်တိုက်ဖြစ်၍ မြေပဲပင်အနေအထား ကောင်းမွန်ခြင်းကြောင့် (၁)ဧက ပျမ်းမျှ တင်း(၃၀)၊ (၃)ဧက တင်း(၁၀၀)ဝန်းကျင်ခန့် ထွက်ရှိနိုင်ကြောင်းပြောသည်။ မြေပဲ(၃)ဧက စိုက်ပျိုး ကုန်ကျစရိတ်မှာ မြေပြုပြင်ခ၊ မြေပဲမျိုးစေ့ဝယ်ယူခ၊ သွင်းအားစု အမျိုးမျိုးဝယ်ယူခ၊ ဆေးပက်ဖျန်းခ ၊ မြေပဲစိုက်ခြင်း၊ တူးဖော်၊ ဆွတ်ခူးခြင်းအတွက် အလုပ်သမားငှားရမ်းခ (၁)ဧက(၅)သိန်း၊ (၃)ဧက (၁၅)သိန်း ကုန်ကျကြောင်း၊ ယခင်နှစ်ထက် အလုပ်သမား ငှားရမ်းခစရိတ် မကြီးမြင့်သော်လည်း သွင်းအားစုအမျိုးမျိုးနှင့် မြေပဲမျိုးစေ့ဝယ်ယူစရိတ် ကြီးမြင့်မှုကြောင့် အသုံးစရိတ် ပိုမိုများပြားလာ ကြောင်းသိရှိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် ဆီထွက်သီးနှံမြေပဲ အရောင်းအဝယ်ပြုလုပ်ရာတွင် ယခင်နှစ် (မိုး)မြေပဲသီးနှံပေါ်စတွင် မြေပဲအတောင့်(၁)တင်းလျှင် (၁၃၀၀၀)ကျပ်၊ အဆံ(၁)တင်းလျှင် (၅၈၀၀၀) ကျပ်၊ မြေပဲဆုံဆီ (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ မြေပဲစက်ဆီ (၁)ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် မြေပဲတောင့် (၁)ပိဿာပျမ်းမျှ(၃၅၀၀)ကျပ်၊ (၁)တင်း (၃၀၀၀၀)ခန့်၊ မြေပဲဆံ(၁)ပြည်(၇၀၀၀/၆၅၀၀)ကျပ်၊ အဆံ(၁)တင်း ကျပ်(၁)သိန်းခန့်၊ မြေပဲဆုံဆီ (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စက်ဆီ (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း  အဝယ် ဖြစ်၍ ယခုဘဏ္ဍာနှစ်(၂၀၂၂-၂၀၂၃)တွင် မြေပဲဈေးကွက် ခိုင်မာလျက်ရှိသည်။ စိုက်တောင်သူ ဦးမြင့်မှာ မြေပဲ(၃)ဧကခန့် စိုက်ပျိုးပြီး တင်း(၁၀၀)ခန့်ထွက်ရှိ၍ အတောင့်(၁)တင်း (၃၀၀၀၀)ကျပ်ဖြင့် ရောင်း ချရမည်ဆိုလျှင် ဝင်ငွေမှာ သိန်း(၃၀)ခန့် ရရှိမည်ဖြစ်၍ ယခုနှစ်တွင် အကျိုးအမြတ်အနေဖြင့် (၁၅)သိန်းခန့် ရရှိမည်ဟု ဦးမြင့်၏ ပြောကြားချက်အရသိရှိရသည်။

 ဆိပ်ဖြူမြို့နယ်တွင် ကုန်းယာမြေစိုက် (မိုး)မြေပဲစိုက်တောင်သူများသည် မိုးကိုမျှော်၍ စိုက် ပျိုးရခြင်းကြောင့် ရာသီဥတုမမှန်၍ မြေပဲအထွက်နှုန်းနည်းခြင်း၊ ကုန်ကျစရိတ်များခြင်းတို့ကြောင့် ကုန်ကျစရိတ်များပြားခြင်းနှင့် မြေပဲတူးဖော်ချိန်တွင် မိုးရွာသွန်းမှုများ၍ အခက်အခဲဖြစ်ခြင်းကြောင့် မိုးမြေပဲစိုက်ဧကများ လျော့နည်းသွားသော်လည်း ယခုနှစ် ဇူလိုင်လမှစ၍ မြေပဲဆံဈေးကွက်ကောင်း ရရှိနေခြင်းကြောင့် ဆိပ်ဖြူမြို့နယ်ရှိ (ဆောင်း)မြေပဲစိုက်တောင်သူများသည် ဧရာဝတီမြစ်ရိုး တစ်လျှောက် မြစ်ရေဝင်ပြီး ကိုင်းကျွန်းသဲနုန်းမြေများတွင် တိုးချဲ့စိုက်ပျိုးရန်အတွက် စက်တင်ဘာလကုန် မြစ်ရေ ကျပြီးချိန်တွင် မြေပြုပြင်ကာ အောက်တိုဘာလတွင် မြေပဲများစိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူများထံမှ သိရှိရသည်။

 ဆီထွက်သီးနှံမြေပဲသည် စားသုံးသူများအတွက် နေ့စဉ်စားသုံးကုန်အဖြစ် မြေပဲဆီ၊ မြေပဲဆံ၊ မြေပဲဖတ်၊ မြေပဲဆားလှော်တို့ကို မြန်မာတို့၏ မီးဖိုချောင်တွင် အခြေခံစားကုန်တစ်မျိုးအဖြစ် နေ့စဉ် သုံးစွဲလျက်ရှိသည်။ မြေပဲမှရရှိသော ဘေးထွက်ပစ္စည်းများဖြစ်သည့် မြေပဲဖတ်၊ မြေပဲခွံ၊ မြေပဲရိုး တို့ကိုလည်း စိုက်ပျိုးတောင်သူများမှ သွင်းအားစုအဖြစ် ပြုလုပ်သုံးစွဲခြင်း၊ တိရိစ္ဆာန်အစာကုန်ကြမ်း အဖြစ်အသုံးပြုခြင်း၊ လုပ်ငန်းရှင်များအတွက် လောင်စာအဖြစ် အသုံးပြုခြင်းအပြင် မြေပဲဆံကို ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်အဖြစ် ကုန်သွယ်မှုပြုလုပ်၍ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေ ရရှိသော သီးနှံများထဲမှ တစ်မျိုးအပါအဝင်ဖြစ်သည်။ ပြည်တွင်း၌ စားသုံးသူများပြားပြီး စိုက်ပျိုးထုတ် လုပ်မှု စိုက်ဧကနည်းပါး၍ စားသုံးဆီကို စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူသုံးစွဲ ရခြင်းဖြစ်ပါ၍ ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသည့် ဆီထွက်သီးနှံမြေပဲကို သင့် တော်သည့် စိုက်ပျိုးမြေရှိသည့်တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

DOCA(မကွေး)