မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

     မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ၁၂.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက အ.လ.က(ခွဲ) ဘဲရမ်းကျောင်း၌ ပြုလုပ်ခဲ့သည်။

    ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးဝင်းက အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာဖြိုးက ကျောင်းသား/ သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာ အပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း၊ အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေများ ဖတ်ရှုလေ့လာကြရန် ပြောကြားသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးမှု အန္တရာယ်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

   ထို့နောက် စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

DOCA (မွန်)