
မိတ္ထီလာမြို့နယ်တွင် မိုးမြေပဲပေါ်သည့် စက်တင်ဘာလ၌ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်သော မိုးမြေပဲ(အစို)များလည်း အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာခရိုင်သည် မိုးမြေပဲကို အများအပြားစိုက်ပျိုးသောဒေသဖြစ်ပြီး မြေပဲကိုဆီထွက်သီးနှံအနေဖြင့် အဓိကထားသော်လည်း မုန့်ပဲသရေစာအတွက် အသုံးပြုနိုင်သော မြေပဲကိုစားသုံးသူများက သွားရည်စာအနေဖြင့် မြေပဲတောင့် အစိုကိုပြုပ်၍ စားသုံးတတ်ကြပါသည်။ ထိုအတွက် မြေပဲတောင့်အစို ဈေးကွက်၌ ရှမ်းပြည်နယ် တောင်ပိုင်းမှဝင်ရောက်သော မြေပဲတောင့်အစို(မြေပဲကြား)ကလည်း ဈေးကွက်အတွင်းအရောင်း အဝယ်ရှိလာခြင်းဖြစ်သည်။ မြေပဲတောင့်အစိုများတွင် ဒေသထွက်မှာမိုးနည်းပြီး မြေကျစ်သော ဒေသတွင် စိုက်ပျိုးခြင်းဖြစ်ပြီး ရှမ်းတောင်မှဝင်ရောက်မြေပဲတောင့်အစိုမှာ မြေမွှမွှတွင် အစိုဓာတ်ဖြင့် စိုက်ပျိုးခြင်းဖြစ်၍ ပြုတ်ပြီး သရေစာအဖြစ်စားသုံးပါက နုညံ့သည့်အတွက် စားသုံးသူများကပိုမို ကြိုက်နှစ်သက်ကြခြင်းဖြစ်ပါသည်။ ထိုသို့မြေပဲပြုတ်အနေဖြင့် စားသုံးမှုများသော ရှမ်းတောင်မှ ဝင်ရောက်လာသည့် မြေပဲတောင့်အစိုဈေးနှုန်းမှာ စက်တင်ဘာလဆန်းတွင် လက်လီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၄၀၀၀) ကျပ်တို့ဖြင့် အရောင်းသွက်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)