“ဘူးသီးဈေးနှုန်းဈေးကွက်”

Powered by Drupal

    ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖို ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ငရုတ်တို့အပြင် ဘူးပင်များကိုစီးပွားဖြစ် စိုက်ပျိုးလာကြပါကြောင်း၊ ဘူးပင်ကို ကျောက်ဆည်မြို့နယ် ၊ ပင်တလည်ကျေးရွာနှင့် ပေါင်လောင်ကျေးရွာများ၌ မြစ်ဘေးတလျှောက်တွင် စိုက်ပျိုးကြပါကြောင်း၊ စိုက်ပျိုးမည်ဆိုပါက မြေဆွေး၊မြေဆီများကို သမအောင်ရောမွှေပြီး စိုက်ဘောင်ပြုလုပ်၍ စိုက်ပျိုးရပါကြောင်း၊ အများဆုံးစိုက်ပျိုးသည့် ဘူးမျိုးများ မှာဘူးသပိတ်၊ဘူးလည်လှ၊ဘူးရှည် မျိုးများကိုစိုက်ပျိုးကြကြောင်း၊ ဘူးပင်သည်နှစ်ပတ်လည် စိုက်ပျိုး၍ရသောအပင်ဖြစ်ပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သား အပါအဝင် စုစုပေါင်း (၉၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ ဘူးပင်စိုက်ပျိုးပြီး (၇၅-၉၀)ရက်အကြာတွင် အသီးများစတင်ခူးဆွတ်၍ရကြောင်း၊ ဘူးသီးကို မနုမရင့်အနေတော် အနေအထားတွင် ခူးဆွတ်ကြပါသည်။ ဘူး(၁)ဧက အထွက်နှုန်းအနေဖြင့်(၃၀၀၀-၃၅၀၀)လုံးခန့်ထွက်ရှိကြောင်း၊ ဘူးသီးစျေးနှုန်း အနေဖြင့် ဘူးသီးအနေအထားပေါ်မူတည်၍ လက်ကားစျေးအနေဖြင့် တစ်လုံးလျှင် (၈၀၀-၁၀၀၀) ကျပ်အထိရောင်းချရကြောင်း ၊ လက်လီစျေးအနေဖြင့် ဘူးသီးတစ်လုံးလျှင်(၁၃၀၀-၁၅၀၀) ကျပ် စျေးနှုန်းများရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁၆၀၀၀၀၀/-)ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှ ဘူးသီးများကို ခရီးသည် တင်ကားများဖြင့် ရန်ကုန်၊ မော်လမြိုင် နှင့် မန္တလေးမြို့ရှိစျေးများသို့ ပို့ဆောင်ရောင်းချကြကြောင်း ၊ ဘူးသီးစိုက်ပျိုးခြင်းဖြင့် ဘူးညွန့်ပါရောင်းချရကြောင်း၊ ဘူးညွန့် တစ်စည်းလျှင် (၅၀၀/-) ကျပ်စျေးနှုန်း ဖြင့်ရောင်းချရပါကြောင်း၊ ဘူးသီး၊ ဘူးရွက်၊ ဘူးညွန့်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက် ကြပါကြောင်း၊ ဘူးသီးအသားကို လှီး၍ ဆန့်မှုန့်၊ ပဲမှုန့်၊ ရွှေခြည်တို့ဖြင့် ကြော်သော ဘူးသီးကြော်သည် မြန်မာတို့၏ နာမည်ကျော် သရေစာ တစ်မျိုးဖြစ်ပါကြောင်း၊ ဘူးသီး အသားကို လှီး၍ အခြောက်လှန်း ပြီးနောက် ရာသီကုန်သည့်အခါ ယင်းကို ရေနွေးဖျော်၍ သုတ်စား ချက်စားကြပါကြောင်း ၊ ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာမက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန် ထိန်းလိုသူများအတွက် ထိထိရောက်ရောက် အကျိုးပြုစေသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါကြောင်း၊ ဘူးပင်စိုက်ပျိုးရာတွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိစေရုံသာမက စိုက်ပျိုးသော တောင်သူများအတွက်လည်း စျေးကောင်းရသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် များစွာရရှိစေနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)