
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်သည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ် ထင်ရှားပြီး ယခုလအတွင်း ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်းများ အနည်းငယ်ကျဆင်းမှုရှိကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ဟင်္သာတ မြို့နယ်ဈေးကွက်တွင် ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် ကျပ် ၇၆,၀၀၀ မှ ၇၇,၀၀၀ အထိ၊ ပဲတီစိမ်း ထွက်တိုး အလုံးလှ တစ်တင်းလျှင် ကျပ် ၈၀,၀၀၀ မှ ၈၁,၀၀၀ အထိ ရောင်းချလျက်ရှိရာ ယခင် ပတ်များနှင့်နှိုင်းယှဉ်ပါက တင်းလျှင် ကျပ် ၁,၀၀၀ မှ ၂,၀၀၀ အထိ ဈေးနှုန်းကျဆင်းမှုရှိကြောင်း သိရသည်။
မတ်ပဲဈေးနှုန်းများတွင်လည်း မတ်ပဲရိုးရိုး တစ်တင်းလျှင် ကျပ် ၇၄,၀၀၀ မှ ၇၅,၀၀၀ အထိ၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ကျပ် ၇၉,၅၀၀ မှ ၈၀,၅၀၀ အထိ ရောင်းချလျက်ရှိရာ ယခင်ပတ်များထက် တင်းလျှင် ကျပ် ၁,၀၀၀ မှ ၂,၅၀၀ အထိ ဈေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။
ဟင်္သာတမြို့နယ်ထွက် ပဲမျိုးစုံများကို ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ယခုလအတွင်း ဈေးကွက်ဝယ်လိုအား အနည်းငယ် လျော့နည်းမှုကြောင့် ဈေးနှုန်းများ ကျဆင်းရခြင်းဖြစ်ကြောင်း ဒေသခံ ကုန်စည်ဒိုင်များမှ သိရသည်။
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ယခုရာသီအတွင်း မိုးရာသီပဲသီးနှံများ ရိတ်သိမ်းချိန်နှင့် ကြုံတွေ့နေရပြီး ဈေးကွက်သို့ ပိုမိုဝင်ရောက်လာမှုကြောင့် ဈေးနှုန်းများ ယာယီကျဆင်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)