ပုသိမ်မြို့နယ်အတွင်း ရာသီစာပိန်းဥများ ဈေးကွက်ဝင်ရောက်၊ အရောင်းအဝယ်ကောင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် ရာသီစာဖြစ်သော ပိန်းဥများ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဒေသခံစားသုံးသူများ၏ ဝယ်ယူမှုဖြင့် အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း သိရသည်။

     ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများနှင့် ကျေးရွာများမှ တင်ပို့ရောင်းချသည့် ပိန်းဥများကို စားသုံးသူများက ပြုတ်၍ဖြစ်စေ၊ ပိန်းဥရွက်နှင့်ရောချက်ပြုတ်၍ဖြစ်စေ နှစ်သက်စွာ စားသုံးလျက် ရှိသည်။ ပိန်းဥသည် သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း၊ မျက်စိကျန်းမာရေး ကောင်းစေခြင်း အပါအဝင် ကျန်းမာရေးကောင်းကျိုးများစွာ ရှိသည့် ရာသီစာ ဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်သည်။

     လက်ရှိဈေးကွက်အခြေအနေအရ ပုသိမ်မြို့နယ်အတွင်းသို့ ကျေးရွာဒေသများမှ တင်ပို့ ရောင်းချသည့် ပိန်းဥ၏ လက်ကားဈေးနှုန်းမှာ ကျပ် (၂,၅၀၀) မှ (၂,၈၀၀) (တစ်ပိဿာ) ဖြင့် ရောင်းချနေကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ ဈေးများတွင် လက်လီဈေးနှုန်းအနေဖြင့် ကျပ် (၃,၀၀၀) မှ (၃,၅၀၀) (တစ်ပိဿာ) အထိ ရောင်းချလျက်ရှိပြီး ညနေဈေးသည်များနှင့် လှည့်လည်ရောင်းချသူများမှာ ပြုတ်ပြီးသား ပိန်းဥများကို တစ်လုံးချင်းစီရောင်းချနေကြောင်း သိရသည်။

   ပိန်းဥများ ဈေးကွက်ဝင်ရောက်လာခြင်းနှင့်အတူ ဒေသခံစားသုံးသူများအနေဖြင့် ဈေးနှုန်း သင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA (ဧရာဝတီ)