
ဧရာဝတီတိုင်းဒေသကြီး၏ စပါးကျီဟုတင်စားခံရသော ပုသိမ်ခရိုင်အတွင်း ယခု မိုးရာသီတွင် မိုးစပါးစိုက်ဧကများ ယခင်နှစ်များထက် တိုးတက်စိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ်သိမ်းရန် မျှော်မှန်းထားကြောင်း သိရသည်။ ပုသိမ်ခရိုင်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်း၊ ရေရရှိမှု အတန်ငယ်ကောင်းမွန်ခြင်းတို့ကြောင့် စပါးစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။
၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးနှစ်အတွင်း ခရိုင်တစ်ခုလုံးတွင် မိုးစပါးဧက ဧကပေါင်း (၂ သိန်း ခန့်) စိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ ကြိုတင်ခန့်မှန်းချက်အရ သိရှိရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဒေသခံများကြိုက်နှစ်သက်ပြီး အထွက်နှုန်းကောင်းသော ဆင်းသုခ၊ မနောသုခ၊ အောင်နိုင်တိုး နှင့် ရွှေသဇင် အစရှိသော မျိုးများကို အဓိကစိုက်ပျိုးကြသည်။ စိုက်ပျိုးသည့် စပါးများကို ဒေသအတွင်းရှိ ဆန်စက်များတွင် ကြိတ်ခွဲပြီး ထွက်ရှိလာသော ဆန်များကို ဒေသတွင်းရွာသားများ၏ နေ့စဉ်ဝမ်းစာရိက္ခာအဖြစ် အဓိကသုံးစွဲကြသည်။ ထို့အပြင် ကြိတ်ခွဲပြီးရရှိသော ဖွဲနုနှင့် စပါးခွံများကို တိရစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးပြုကြသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ချိတ်ဆက်လုပ်ကိုင်သော ဒေသဖြစ်သည်။
ယခင်နှစ်များ၏ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ တင်းပေါင်း (၉၀) မှ (၁၀၀) ခန့် ရှိခဲ့ပြီး၊ ထွက်ရှိသောစပါးများအား တင်းချိန် (၁၈,၀၀၀) မှ (၂၀,၀၀၀) ကြားဒေသပေါက်ဈေးဖြင့် ရောင်းချ ကြေငြာသော်လည်း အများစုမှာ ကိုယ်တိုင်စားသုံးရန် သိုလှောင်ထားကြခြင်း သို့မဟုတ် ဒေသ တွင်းဈေးကွက်သို့သာ အနည်းငယ်စီဝင်ရောက်ခြင်းကြောင့် ပြည်တွင်းဆန်ဈေးကွက်သို့ စီးဆင်းမှု နည်းပါးကြောင်း သိရသည်။ ပုသိမ်ခရိုင်သည် မိုးစပါးထွက်ရှိမှု ကောင်းမွန်သော်လည်း ထုတ်ကုန် အများစုကို ဒေသတွင်းသုံးစွဲမှုက အဓိကစားသုံးနေသဖြင့် ပြည်တွင်းဆန်ဈေးကွက်အပေါ် လွှမ်းမိုးမှုအနည်းငယ်သာရှိပြီး ဒေသခံလယ်သမားများ၏ ဝမ်းစာဖူလုံရေးနှင့် စီးပွားရေး တည်ငြိမ်ရေးအတွက် အရေးပါသော စိုက်ပျိုးရေးဒေသအဖြစ် တည်ရှိနေပါသည်။
DOCA (ဧရာဝတီ)