
ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့နယ်၌ ဒေသထွက်တိုင်ထောင်ပဲသီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ညောင်တုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ညိုညို၏ပြောပြ ချက်အရ သိရသည်။
ညောင်တုန်းမြို့နယ်၌ လက်ရှိဒေသထွက်တိုင်ထောင်ပဲသီးများ အရောင်းအဝယ် ကောင်းမွန် လျက်ရှိပြီး တစ်ရက်လျှင် ပိဿာ ၄၅၀၀ မှ ၆၅၀၀ အထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။ "ညောင်တုန်းမြို့နယ်ကနေ ထွက်တဲ့ တိုင်ထောင်ပဲသီးတွေကို တခြားမြို့နယ်တွေက ဝယ်လိုအားများနေတာပါ။ လက်ရှိ တစ်ရက်ကို တိုင်ထောင်ပဲသီးပိဿာ ၆၅၀၀လောက် အရောင်း အဝယ်ကောင်းနေပါတယ်။ ဒေသထွက်ကုန်တွေ အများအပြား စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်တော့ သယ်ယူစရိတ်တွေလည်း သက်သာပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို စားသုံး နိုင်မှာဖြစ်ပါတယ်။ အခုလို ဒေသထွက်တိုင်ထောင် ပဲသီးတွေ ဝယ်လိုအားကောင်းလာတော့ ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့တောင်သူတွေ အဆင်ပြေလာပါတယ်"ဟု ဒေါ်ညိုညိုကပြောသည်။
ညောင်တုန်းမြို့နယ်၌ လက်ရှိ တိုင်ထောင်ပဲသီးများ အပါအဝင် ဒေသထွက် ရာသီပေါ် ဟင်းသီးဟင်းရွက်များ ပေါ်သည့်အချိန်ဖြစ်ကြောင်း၊ အဆိုပါ ဒေသထွက်ကုန်များသာ ရောင်းချ ရသည့် အတွက် သယ်ယူစရိတ် ကုန်ကျမှု သက်သာခြင်း၊ လတ်ဆတ်သည့် သီးနှံများကို အရောင်း အဝယ်ပြုလုပ်ရခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)