
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်းရှိ သရက်ပင်၊ မြို့လှ၊ ပဲ့ပင်၊ အင်းတော်၊ တွင်းကျ၊ ကျောက်ဖူး၊ ရွာတန်းကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကိုအများဆုံးစိုက်ပျိုးကြကြောင်း၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးမြေပဲကို(၁၉၂၀၀)လျာထားသော်လည်း စိုက်ဧက( ၂၀၅၁၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရ သိရှိရပါသည်။
မိုးမြေပဲကို ဇွန်လဆန်းပိုင်းတွင် စိုက်ပျိုးကြပြီး ဩဂုတ်လဒုတိယပတ်တွင် မိုးမြေပဲကို စတင်ရိတ်သိမ်းကြကြောင်း၊ မိုးမြေပဲကို သီးသန့်တန်းချစနစ်ဖြင့်စိုက်ပျိုးကြသဖြင့် တစ်ဧကလျှင် မျိုး(၂၄) ပြည် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်(၃)သိန်းကျော်ကုန်ကျကြောင်း၊ ယခုနှစ်အထွက်နှုန်းမှာ တစ်ဧကလျှင်(၇၀) တင်းခန့်ထွက်ရှိ၍ အကျိုးအမြတ်ရရှိကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရပါသည်။
ရမည်းသင်းမြို့ပေါ်ရှိသီးနှံပွဲရုံများတွင် နေ့စဉ် မိုးမြေပဲများလှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုစက်တင်ဘာလပထမပတ်တွင် မိုးမြေပဲအတောင့်တစ်တင်း လျှင် (၂၉၄၀၀)ကျပ်၊ မြေပဲလုံးဆံတစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ဆီဆံတစ်ပိဿာလျှင်(၇၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ်စက်များအပြင် မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြကြောင်း သိရပါသည်။
DOCA(မန္တလေး)