
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။ မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင် အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီးစိမ်းနှင့်မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၂၂၀၀) ကျပ်၊မန်ကျည်းသီးစိမ်း(၁)ဘူးလျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့်မန် ကျည်းသီးစိမ်းများအား အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)