ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ

Powered by Drupal

   ၃.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် (၂၆) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲကို (အ.ထ.က) ပေါင် ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုထိန်းသိမ်းရာရောက်ပါ ကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုလည်း ထိန်းသိမ်းဖို့အတွက် ယခုလိုပြိုင်ပွဲများကို အခြေခံကျောင်းများတွင် ယှဉ်ပြိုင်ကြရဖို့လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဆရာမကြီး ဒေါ်နွယ်နွယ်အေး က အခြေခံပညာ ကျောင်းများအားလုံး ဂီတအနုပညာ ဘာသာရပ်သင်ကြားပြသလျက်ရှိပြီး ယခုပညာသင်နှစ်တွင် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လာသူတွေ မြင်ရသည့် အတွက် အခြေခံပညာ ဆရာ၊ ဆရာမ တွေ တာဝန်ကျေပွန်မှုကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝါသနာရှင် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ လုပ်ငန်း ကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက ပြည်နယ်အဆင့်ပြိုင်ပွဲများသို့ တက်ရောက် ယှဉ်ပြိုင်နိုင်မည့်သူများကို စိစစ်ရွေးချယ်အကဲဖြတ်ပေးခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)