ပြည်မြို့ရှိလယ်ဂဏန်း (ပုဇွန်လုံး)ဈေးကွက်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီးအပါအဝင် အခြားဈေးများတွင် လယ်ဂဏန်း (ပုဇွန်လုံး)များကို အသား/ငါး ရောင်းချသည့် ဈေးတန်းများတွင် ရောင်းချ နေကြောင်းသိရှိရပါသည်။

      ရေသတ္တဝါများထဲတွင် အများအားဖြင့် ခြေထောက်ပါသော သတ္တဝါမှာ ဂဏန်းလုံးများပင် ဖြစ်ပါသည်။ ဂဏန်းလုံးများတွင် ထူးခြားစွာ ခြေထောက် (၁၀)ချောင်းပါရှိသည်ကို တွေ့ရှိရပါသည်။ ခြေထောက် (၈)ချောင်းကိုသာ လမ်းလျှောက်သွားလာရန် အသုံးပြုပြီး ဂဏန်းလက်မကြီးများကို အကာအကွယ်လက်နက်အဖြစ်ထားရှိပါသည်။ လယ်ပုဇွန်လုံးသည် တွင်းအောင်း ဂဏန်းမျိုး ဖြစ်ပါသည်။

          ယခုလို မိုးများသော အချိန်တွင် ဂဏန်းလုံးများပေါများစွာ ရရှိနိုင်ပြီး ကျေးလက်ဒေသဟင်း အဖြစ်လည်း ချက်ပြုတ်စားသောက်ကြပါသည်။ လယ်ပုဇွန်လုံးများကို ထောင်း၍ မကျည်းသီးစိမ်းဖြင့် ငပိချက် ချက်၍စားသောက်ကြသလို ပုဇွန်လုံးများကို ကြော်၍လည်း စားသုံးကြပါသည်။ ပုဇွန်လုံး ဟင်းရည်အဖြစ်လည်း ချက်ပြုတ်စားသောက်ကြပါသည်။ လယ်ပုဇွန် လုံးများမှ ပုဇွန်ဆီကိုလည်း ထုတ်ယူရောင်းချကြပါသည်။ ပုဇွန်ဆီ (၁၀)ကျပ်သားလျှင် (၆၀၀၀) ကျပ်အထိ ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။

          ပြည်မြို့၊ ခေတ္တရာမြို့သစ်ဈေးတွင် လယ်ဂဏန်းလုံး (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)