
(၂၅.၈.၂ဝ၂၅) ရက်နေ့၊ နေ့လယ် (၁၃းဝဝ) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။
ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်လင်းသန်းမြင့်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချသည့် အွန်လိုင်းရောင်းချသူ များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့် နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်၍ အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲ တင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)